ရန်ကုန်၊ စက်တင်ဘာ ၈
မလေးရှားနိုင်ငံ၌ ကျင်းပမည့် Perak International Esports Championship (PIEC) 2026 အပြည်ပြည်ဆိုင်ရာ Esports ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားထားကြောင်း မြန်မာအီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) မှ သိရသည်။
PIEC 2026 ပြိုင်ပွဲကို Malaysia Esports Federation ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ အီပိုမြို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာမှ Esports အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် eFootball (Mobile) နည်းပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကာ စုစုပေါင်း ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅,၀၀၀ ခန့် ချီးမြှင့်မည် ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် eFootball (Mobile) အားကစားသမားအား ရွေးချယ်ရန်အတွက် MESF က စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် Myanmar National Qualifier ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။
eFootball အားကစားကို စိတ်ဝင်စားသည့် လူငယ်များအနေဖြင့် National Qualifier ပြိုင်ပွဲတွင် စာရင်းပေးသွင်း၍ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
