မန္တလေး၊ စက်တင်ဘာ ၁၆
မကြာမီကျင်းပမည့် မန္တလေးမြို့၏ အထင်ကရ သီတင်းကျွတ် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် သမိုင်းတစ်လျှောက် အစည်ကားဆုံးနှစ်တစ်နှစ်အဖြစ် မှတ်တမ်းတင်နိုင်ရန် ကြိုတင်စီစဉ်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း ဒေသတွင်းအခြေအနေများကြောင့် နှစ်အတန်ကြာ ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ကျောက်တော်ကြီးဘုရားပွဲတော်ကို ယခုနှစ်တွင် ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ကျောက်တော်ကြီးဘုရား ဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
သီတင်းကျွတ် ကျောက်တော်ကြီးဘုရားပွဲတော်ကို မန္တလေးတောင်ခြေအနီးရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် နန်းမြေဘုံသာစံနန်းတော်ရာ စန္ဒာမုနိဘုရား သုံးဆူအတွက် စုပေါင်းကျင်းပခြင်းဖြစ်ပြီး နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ ရက်မှ လပြည့်ကျော် ၃ ရက်အထိ ကျင်းပလေ့ရှိသည်။
အဆိုပါ ဘုရားပွဲတော်သည် ပွဲတော်ကာလအတွင်း နေ့စဉ်လာရောက်သူ တစ်သိန်းကျော်အထိ ရှိတတ်သည့် မန္တလေးမြို့၏ ထင်ရှားသော ရိုးရာပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း သိရသည်။
ယခုနှစ် ပွဲတော်ကို ပြန်လည်စည်ကားစေရန် ရိုးရာဖျော်ဖြေရေးအစီအစဉ်များအပါအဝင် ပွဲခင်းအတွင်း လာရောက်သူများ အဆင်ပြေစေရေးနှင့် လိုအပ်သည့် အစီအစဉ်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
