မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေမြင့်တက်ကာ ယမန်နေ့ ဇူ လိုင် ၁၀ ရက်နံနက်ပိုင်းမှစတင်၍ ဘီးလင်းမြို့ရှိ နေ အိမ်များနှင့် လမ်းများပေါ်သို့ ရေဝင်ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ရေဝင်ရောက်မှုများပြားသည့် ကန်သာယာရပ်ကွက်ရှိ နေအိမ်များမှရေဘေးသင့်သူများအား ဇူလိုင် ၁၀ ရက်နံနက်ပိုင်းတွင် ရေဘေးလွတ်ကင်းသော အားကစားခန်းမသို့ တာဝန်ရှိသူများကကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇူလိုင် ၁၁ ရက်နံနက်ပိုင်းတွင်လည်း ရေဝင်ရောက်မှုဆက်လက်ဖြစ်ပေါ်နေသော ကန်သာယာရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်နှင့် ဘိုးလှကြီးရပ်ကွက်တို့တွင်နေထိုင်သူများကိုလည်း တာဝန်ရှိသူများက ရေဘေးလွတ်ကင်းသည့်နေရာများသို့ရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
လက်ရှိအချိန်၌ ဘီးလင်းမြို့မှ ရေဘေးသင့်သူ(၉၀၀) ဦးခန့်မှာ ရေဘေးလွတ်ကင်းသည့် အားကစားခန်းမ၊ အောင်ဇေယျခန်းမ၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်း၊ စကားဝါဘုန်းတော်ကြီးကျောင်း၊ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းနှင့် ပိန္နဲတောဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
ရေဘေးသင့်သူများအား လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ရေဘေးလွတ်ကင်းသည့်နေရာများသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
