ရန်ကုန်၊ ဇူလိုင် ၁၄ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမပေါ်ရှိ ဆင်မင်းစျေးကားမှတ်တိုင်တွင် ယနေ့ ဇူလိုင် ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဖွားအိုတစ်ဦး သေဆုံးခဲ့ကြောင်း ကြီးလေးကြီးလူမှုကူညီရေးအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ YBS 144 ယာဉ်မှ အဖွားအိုတစ်ဦးအား တိုက်မိခဲ့ခြင်းဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ဆက်သွယ်အကူအညီတောင်းခံမှုကြောင့် ကြီးလေးကြီး လူမှုကူညီရေးအသင်းမှ အရေးပေါ်ထွက်ခွာကူညီခဲ့ကြောင်း သိရသည်။
ကူညီရေးအဖွဲ့ဝင်များက ဖြစ်စဉ်နေရာမှ အဖွားအိုအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့သော်လည်း ဆေးရုံတွင် ဆရာဝန်များ၏ စမ်းသပ်စစ်ဆေးချက်အရ အသက်မရှိတော့ကြောင်း သိရသည်။
ထို့နောက် အဖွားအို၏ ကိုယ်ပိုင်ပစ္စည်းများ၊ ငွေကြေးနှင့် ဖုန်းတစ်လုံးတို့ကို တာဝန်ရှိသူများထံ စနစ်တကျ အပ်နှံခဲ့ပြီး အဆိုပါဖုန်းမှတစ်ဆင့် မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ခဲ့ကြောင်း ကြီးလေးကြီး လူမှုကူညီရေးအသင်းက အသိပေးထားသည်။
အချိန်မီရောက်ရှိကူညီပေးနိုင်ခဲ့သော်လည်း အသက်မမီခဲ့သည့်အတွက် များစွာဝမ်းနည်းမိကြောင်းနှင့် ကွယ်လွန်သူအဖွားအို ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း ဆုတောင်းအမျှပေးဝေထားသည်။