ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ တေးဂီတဘားတစ်ခုတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြီး၌ သေဆုံးသူဦးရေသည် အင်္ဂါနေ့တွင် ၃၀ ဦးအထိ မြင့်တက်လာကြောင်း အရာရှိများက ပြောကြားခဲ့သည်။ ယင်းကဲ့သို့သော ဘားများကို ပိုမိုတင်းကျပ်သော စစ်ဆေးမှုများလုပ်ဆောင်သွားမည်ဟု ဘန်ကောက်အုပ်ချုပ်ရေးမှူးက ကတိပြုခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ ပေါ့လျော့မှု၊ ဘေးကင်းရေးစံနှုန်းများကို ချိုးဖောက်မှု ရှိနိုင်ခြေအပေါ် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည်။
ဘန်ကောက်မြို့ရှိ Rong Beer Na Lat Phrao ဘားနှင့် စားသောက်ဆိုင်တွင် တနင်္ဂနွေနေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူအများအပြားသည် အဝတ်အစားများ မီးစွဲလျက် ထွက်ပြေးခဲ့ကြသည်။
ထိုင်းနိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း လူအသေအပျောက်အများဆုံး မီးလောင်မှုတစ်ခုဖြစ်လာသည့် မီးဘေးသည် မြို့မြောက်ပိုင်း ချာတူချတ်ခရိုင်ရှိ ဘား တစ်ခုတွင် တနင်္ဂနွေနေ့ သန်းခေါင်ယံအချိန်၌ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတစ်ခု၊ မီးတန်းကြီးတစ်ခုနှင့် တစ်ထပ်တိုက်တစ်ခုလုံးကို မီးခိုးများဖုံးလွှမ်းသွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
တနင်္လာနေ့အစောပိုင်းအထိ လူ ၂၇ ဦး သေဆုံးကြောင်း ကြေညာခဲ့ပြီး ရရှိခဲ့သည့် ဒဏ်ရာများကြောင့် နောက်ပိုင်းတွင် နောက်ထပ်တစ်ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။
အင်္ဂါနေ့တွင်မူ သေဆုံးဦးရေ ၃၀ ဦး၊ ဒဏ်ရာရရှိသူ ၇၅ ဦးနှင့် အခြေအနေစိုးရိမ်ရသူ ၂၄ ဦးရှိကြောင်း ဘန်ကောက်ရှိ ချာတူချတ်ခရိုင်ရုံးက ထုတ်ပြန်ခဲ့သည်။
အန္တရာယ်ဖြစ်နိုင်ခြေများကို အကဲဖြတ်ရန်အတွက် ထိုကဲ့သို့သော စားသောက်ဆိုင်များကို ကျယ်ကျယ်ပြန့်ပြန့် စစ်တမ်းကောက်ယူရန် မြို့တော်အုပ်ချုပ်ရေးအဖွဲ့ကို သူ အမိန့်ပေးထားကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး ချတ်ချာရတ် စစ်တီပွန့်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
ဘေးကင်းရေးစံနှုန်းများ တိုးတက်စေရန်အတွက် မြို့တော်သည် လက်ရှိဥပဒေများကို တိုးမြှင့်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
မီးလောင်မှုမည်သို့ စတင်ခဲ့သည်နှင့် အဘယ်ကြောင့် ဤမျှလောက် အသက်များဆုံးရှုံးခဲ့ရသည်ကို အာဏာပိုင်များက ဖော်ထုတ်ရန် ကြိုးစားနေပြီး လျှပ်စစ်ချို့ယွင်းမှု ဖြစ်နိုင်ခြေနှင့် အရေးပေါ်ထွက်ပေါက်များ ပိတ်ဆို့ထားခြင်း ရှိမရှိကိုလည်း စစ်ဆေးနေကာ မှုခင်းရဲတပ်ဖွဲ့က အပျက်အစီးများကို စိစစ်ရှာဖွေနေခဲ့သည်။
Ref: ဘန်ကောက်ပို့စ်