နေပြည်တော်၊ စက်တင်ဘာ ၁
ဗီယက်နမ်နိုင်ငံသမ္မတနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ မကြာမီကာလအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဗီယက်နမ်နိုင်ငံသမ္မတနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ထို့အပြင် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးနှင့်သက်ဆိုင်သည့် နေရာများသို့လည်း သွားရောက်လေ့လာမည်ဖြစ်သည်။
ခရီးစဉ်အတွင်း မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ ကဏ္ဍစုံနှင့် နှစ်နိုင်ငံအကျိုးစီးပွားအကြား ဆက်နွှယ်မှုများ ပိုမိုမြှင့်တင်နိုင်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
