ဗင်နီဇွဲလားနိုင်ငံတွင် ပြင်းအားကြီးငလျင်နှစ်ကြိမ် လှုပ်ခတ်ပြီးနောက် (၆) ရက်မြောက်တွင် အသက် (၃) နှစ်အရွယ် ကလေးငယ်တစ်ဦးကို အပျက်အစီးများအောက်မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
လာဂွိုင်ရာ (La Guaira) ပြည်နယ်ရှိ အပျက်အစီးများကြားမှ “ကလိုင်ဘာ မော်ရန်” (Kleiber Morán) အမည်ရှိ ကလေးငယ်အား ကယ်ထုတ်နိုင်ခဲ့ရာ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ဝမ်းမြောက်စွာ အားပေးအော်ဟစ်ခဲ့ကြပြီး အဆိုပါမြင်ကွင်းကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့မြင်ရသည်။
ဗင်နီဇွဲလား ယာယီသမ္မတ ဒဲလ်ဆီ ရိုဒရီဂွက်ဇ်က ယခုကယ်ဆယ်မှုကို “မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေသည့် အခိုက်အတန့်” အဖြစ် သတ်မှတ်ပြောကြားခဲ့သည်။
ကုလသမဂ္ဂကလည်း ငလျင်ဒဏ်သင့်ဒေသများတွင် လူထောင်ပေါင်းများစွာ အစားအစာ၊ သောက်သုံးရေနှင့် ယာယီခိုလှုံရာများ အရေးပေါ်လိုအပ်နေကြောင်း သတိပေးထားသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိ ငလျင်နှစ်ကြိမ်ကြောင့် သေဆုံးသူ ၁,၉၄၃ ဦးအထိ မြင့်တက်လာပြီး လူ ၁၀,၀၀၀ ကျော် ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူများလည်း ထောင်နှင့်ချီ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ကယ်ဆယ်ရရှိသည့် ကလေးငယ်အား အရေးပေါ်ဆေးကုသမှုပေးပြီးနောက် ဆေးရုံသို့ ပို့ဆောင်ထားကာ အသက်ရှူလမ်းကြောင်း အခြေအနေကောင်းမွန်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လက်ရှိတွင် ကရာကတ်စ်မြို့ရှိ ဆေးရုံ၌ ဆက်လက်ကုသပေးလျက်ရှိကြောင်း သိရသည်။
ကျွမ်းကျင်သူများ၏ အဆိုအရ ငလျင်အပြီး အပျက်အစီးများအောက်မှ အသက်ရှင်သူများကို ကယ်တင်နိုင်ရန် အခွင့်အလမ်းအများဆုံးကာလမှာ ပထမသုံးရက်အတွင်းဖြစ်သော်လည်း ယခုဖြစ်စဉ်တွင် (၆) ရက်မြောက်၌ ကလေးငယ်ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ငလျင်ဒဏ် အပြင်းထန်ဆုံးခံခဲ့ရသည့် လာဂွိုင်ရာပြည်နယ်တွင် အစားအစာပြတ်လပ်မှု၊ အခြေခံဝန်ဆောင်မှုများ ပြတ်တောက်မှုနှင့် ဆက်သွယ်ရေးအခက်အခဲများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
Ref: BBC
