မနီလာ၊ ဇူလိုင် ၁၃ ရက်
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့ တို့သည် စိုက်ပျိုးရေးဆိုင်ရာ ဒေတာကောက်ယူမှုများကို တိုးတက်ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ စားနပ်ရိက္ခာ ပိုမိုဖူလုံရေးအတွက် ဉာဏ်ရည်တု (AI) နှင့် ဂြိုဟ်တုနည်းပညာများကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနများ၏ တနင်္လာနေ့ ဖော်ပြချက်အရ သိရသည်။
စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ အေဂျင်စီနှစ်ခုအကြား ပိုမိုကောင်းမွန်သော ဒေတာမျှဝေခြင်းလုပ်ငန်းသည် မူဝါဒချမှတ်သူများအနေဖြင့် ရိက္ခာထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးမှုကဏ္ဍများတွင် ပိုမိုမှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် ကူညီပေးမည့်အပြင် အစိုးရ၏ အရင်းအမြစ်များကို အမှန်တကယ် လိုအပ်ချက်ရှိနေသည့် ဒေသများသို့ တိုက်ရိုက်ထိရောက်စွာ ပံ့ပိုးပေးနိုင်မည် ဖြစ်သည်။
ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့သည် သီးနှံထုတ်လုပ်မှုပမာဏကို ခန့်မှန်းတွက်ချက်ရန်အတွက် ဂြိုဟ်တုဓာတ်ပုံများနှင့် AI နည်းပညာကို စမ်းသပ်အသုံးပြုနေပြီဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနကလည်း ဒေတာများ၏ တိကျမှန်ကန်မှုကို မြှင့်တင်နိုင်ရန် ကွင်းဆင်းစစ်ဆေးအတည်ပြုခြင်းလုပ်ငန်းများမှတစ်ဆင့် ယခုအစီအစဉ်ကို ပံ့ပိုးကူညီပေးသွားရန် မျှော်လင့်ထားကြောင်း သိရသည်။
ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးနှင့် လူဦးရေဆိုင်ရာ ဒေတာအချက်အလက်များသည် ထုတ်လုပ်မှုခန့်မှန်းချက်များကို မြှင့်တင်ပေးနိုင်ခြင်း၊ အနာဂတ်၏ စားနပ်ရိက္ခာလိုအပ်ချက်ကို တွက်ချက်ပေးနိုင်ခြင်းတို့အပြင် နိုင်ငံ၏ ရိက္ခာထောက်ပံ့မှုကို ထိခိုက်စေသည့် ပြဿနာရပ်များအပေါ် အစိုးရအနေဖြင့် ပိုမိုလျင်မြန်စွာ တုံ့ပြန်ဖြေရှင်းနိုင်ရန် အထောက်အကူပြုလိမ့်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Ref: ဆင်ဟွာ
