ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဘိလပ်မြေ၊ အမိုးသွပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို မေ ၂၄ ရက် နံနက်ပိုင်းက တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ တပ်မတော်က အဆိုပါမြို့များကို ပြန်လည်ထိန်းချုပ်ထားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဘိလပ်မြေ၊ အမိုးသွပ်နှင့် သွပ်ရိုက်သံများကို မန္တလေးမြို့မှတစ်ဆင့် ပို့ဆောင်ခဲ့ပြီး၊ နေရပ်ပြန်ပြည်သူများအတွက် ရည်ရွယ်သည့် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်သော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများကို နေပြည်တော်မှတစ်ဆင့် ပေးပို့ခဲ့ကြောင်း သိရသည်။
ပို့ဆောင်သည့်ပစ္စည်းများတွင် ဘိလပ်မြေ ၁၀ တန်၊ အမိုးသွပ် ၁၀ တန်၊ သွပ်ရိုက်သံ ၁၂၃ ပိဿာကျော်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း ၃ တန်ကျော် ပါဝင်ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ဖြန့်ဝေ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
