ဖလမ်း၊ဇူလိုင်-၂၂
ဖလမ်းမြို့နယ်တွင် ဦးစီးဌာနရုံးပေါင်း (၃၈) ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်းနှင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများ အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၃၉၇) ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်း ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီမှ သိရသည်။
ဖလမ်းမြို့ရှိ ဌာနဆိုင်ရာ ရုံးများဖြစ်သော မီးသတ်တပ်ဖွဲ့ရုံး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အမှုထမ်း၊ အရာထမ်း တို့၏ ဝန်ထမ်းအိမ်ရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် သွားရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ဒုတိယဝန်ကြီးဦးမျိုးမြင့်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုရာတွင် ရုံးများ၊ ဆေးရုံနှင့် ကျောင်းများ၊ အဆောက်အဦများ ပြန်လည်ပြုပြင်/ တည်ဆောက်ခြင်းလုပ်ငန်းများ အပြင်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သို့ လာရောက်ပြီး နေရာအနှံ့သွားရောက်၍ အောက်ခြေအထိ အသေးစိပ်မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် လုပ်ငန်းကော်မတီ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
