ဂျပန်အာကာသအေဂျင်စီက စမ်းသပ်နေတဲ့ အကြိမ်ကြိမ်ပြန်လည်အသုံးပြုနိုင်မယ့် ဒုံးပျံရှေ့ပြေးပုံစံငယ်တစ်ခုဟာ အမြင့် ၁၀ မီတာလောက်အထိ တက်သွားခဲ့ပြီးနောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်နိုင်ခဲ့ပါတယ်။ ဒီပျံသန်းမှုဟာ စက္ကန့် ၄၀ လောက် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိမှာ SpaceX ကုမ္ပဏီကပဲ လွှမ်းမိုးထားတဲ့၊ ကုန်ကျစရိတ်တွေ အများကြီးလျှော့ချပေးနိုင်တဲ့ နည်းပညာနယ်ပယ်မှာ ခြေလှမ်းသစ်တစ်ရပ်အနေနဲ့ သူတို့ရဲ့ ပြန်သုံးနိုင်တဲ့ ဒုံးပျံရှေ့ပြေးပုံစံငယ်ဟာ ပထမဆုံးအကြိမ် လွှတ်တင်တာရော၊ ပြန်ဆင်းသက်တဲ့ စမ်းသပ်မှုမှာပါ အောင်မြင်သွားပြီလို့ ဂျပန်အာကာသအေဂျင်စီက စနေနေ့ (ဇူလိုင် ၁၁ ရက်) မှာ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံကလည်း သူတို့ရဲ့ ပထမဆုံး အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ ဒုံးပျံ ပြန်လည်ဆင်းသက်နိုင်မှုကို သောကြာနေ့ကပဲ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါဟာ ဒီနယ်ပယ်မှာ အမေရိကန်ရဲ့ လွှမ်းမိုးထားနိုင်မှုကို စိန်ခေါ်လာနိုင်တဲ့ အရေးပါတဲ့ တိုးတက်မှုတစ်ခုပါပဲ။
အခုရှေ့ပြေးပုံစံငယ်ဒုံးပျံကို ဂျပန်နိုင်သံ အကီတာ(Akita) ဒေသ၊ နိုရှီရို(Noshiro) မြို့မှာရှိတဲ့ ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ(JAXA) ရဲ့ စမ်းသပ်ကွင်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး အမြင့် ၁၀ မီတာလောက်အရောက်မှာ အောင်မြင်စွာ ပြန်လည်ဆင်းသက်ခဲ့တာပါ။
JAXA ရဲ့ အဆိုအရတော့ ပျံသန်းချိန် စက္ကန့် ၄၀ လောက် ကြာခဲ့တယ်လို့ သိရပါတယ်။
“ဒီအတွက် ကျွန်တော်တို့ အချိန်တွေ၊ အားထုတ်မှုတွေ အများကြီး ပေးဆပ်ခဲ့ရပါတယ်။ အခုတော့ ဒီရှေ့ပြေးပုံစံလေးက ပြဿနာမရှိဘဲ လွှတ်တင်နိုင်ခဲ့သလို ပြန်လည်း ဆင်းသက်နိုင်ခဲ့ပြီဆိုတော့ တော်တော်လေးကို စိတ်သက်သာရာရသွားတယ်လို့ ပြောရမှာပဲ” လို့ စမ်းသပ်မှုကို ဦးဆောင်ခဲ့တဲ့ JAXA က တာကာရှီ အီတို(Takashi Ito) က သတင်းထောက်တွေကို ပြောပါတယ်။
ဒုံးပျံအများစုဟာ တစ်ခါသုံးအနေနဲ့ပဲ တည်ဆောက်ထားကြတာပါ။ အစိတ်အပိုင်းတွေက ပင်လယ်ထဲ ပြုတ်ကျတာ၊ လေထုထဲမှာ လောင်ကျွမ်းသွားတာ ဒါမှမဟုတ် ပတ်လမ်းထဲမှာ အာကာသအမှိုက်တွေအနေနဲ့ ကျန်ရစ်ခဲ့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒုံးပျံကို တွန်းတင်ပေးတဲ့ ပထမအဆင့်(First launch stage) ဟာဆိုရင် ကုန်ကျစရိတ် အကြီးမားဆုံး အစိတ်အပိုင်းလို့ သတ်မှတ်ထားကြတာပါ။ ဒါပေမဲ့ အခုလို တချို့အစိတ်အပိုင်းတွေကို ပြန်သုံးလို့ရတဲ့ ဒုံးပျံတွေသာ အသုံးပြုလာနိုင်ရင် လွှတ်တင်စရိတ်တွေကို အများကြီး လျှော့ချပစ်နိုင်မှာ ဖြစ်ပါတယ်။
