ပြည်ပကစားသမားများကို ခေါ်ယူလိုက်ပြီးနောက် နိုင်ငံတကာပရိသတ်များအကြား မြန်မာအမျိုးသမီးလိဂ် (MWL) ကို စိတ်ဝင်စားမှု မြင့်တက်လာကြောင်း သိရသည်။
အထူးသဖြင့် လူမှုကွန်ရက်စာမျက်နှာများနှင့် TikTok ပေါ်တွင် ပြည်ပပရိသတ်များ၏ စိတ်ဝင်စားမှုကို ရရှိနေခြင်းဖြစ် သည်။
ယင်းသည် ဧရာဝတီအမျိုးသမီးအသင်းက ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကစားသမားများကို ခေါ်ယူခဲ့ရာမှ ယခုကဲ့သို့ စိတ်ဝင်စားမှုမြင့်တက်လာခြင်းဖြစ်သည်။
အဆိုပါ နာမည်ရှိပြီး ပရိုဖိုင်မြင့်မားသည့် ကစားသမားများကို ခေါ်ယူနိုင်ခဲ့ခြင်းကြောင့် အသင်းအတွက်သာမက မြန်မာ့အမျိုးသမီးဘောလုံးလောကအတွက်ပါ ပြည်ပပရိသတ်များ၏ အားပေးဝန်းရံမှုကို ရရှိလာစေကြောင်း သုံးသပ်မှုများ ရှိနေသည်။
မြန်မာနေရှင်နယ်လိဂ် (MNL) အသင်းအများစုအနေဖြင့်လည်း လက်တွေ့တွင် အလုပ်မဖြစ်သည့် အာဖရိက ကစားသမားများကို ခေါ်ယူမည့်အစား ဥရောပမှ ပရိုဖိုင်မြင့်မားသူများကို မခေါ်ယူနိုင်လျှင်ပင် အာရှနှင့် အာဆီယံဝန်းကျင်၌ ခြေစွမ်းပြနေသည့် နာမည်ရှိကစားသမားများကို ပိုမိုခေါ်ယူသင့်ကြောင်း တိုက်တွန်းမှုများလည်း ရှိနေသည်။
လွန်ခဲ့သည့်နှစ်က ဖျက်သိမ်းလိုက်ရသည့် ရာမညယူနိုက်တက်အသင်းက ဘူတန်နိုင်ငံမှ ကစားသမားကို ခေါ်ယူခဲ့ခြင်းကြောင့် ဘူတန်ပရိသတ်များပါ အသင်း၏ လူမှုကွန်ရက်စာမျက်နှာများသို့ တခဲနက် ရောက်ရှိလာခဲ့ကြသည်။
ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများမှ အရည်အချင်းရှိသည့် ကစားသမားများကို ခေါ်ယူခြင်းသည် အသင်း၏ခြေစွမ်းကို တိုးတက်စေရုံသာမက ပြည်ပပရိသတ်များ၏ စိတ်ဝင်စားမှုကိုပါ ဆွဲဆောင်နိုင်မည့် ဗျူဟာကောင်းတစ်ခုဖြစ်ကြောင်း သိရသည်။
မြန်မာအမျိုးသမီးလိဂ် (MWL) ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာ့အမျိုးသမီးဘောလုံးလောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်ရွေးစင်အသင်းအတွက် မျိုးဆက်သစ်ကစားသမားကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
အာဆီယံဒေသတွင်းတွင် အမျိုးသမီးပရော်ဖက်ရှင်နယ်လိဂ်ကို စောစောစီးစီး စတင်နိုင်ခဲ့သည့် လိဂ်ပြိုင်ပွဲတစ်ခုဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် ဧရာဝတီအသင်း၊ ISPE အသင်းနှင့် ရတနာပုံအသင်းတို့က အောင်မြင်မှု အစဉ်အလာကြီးမားခဲ့ကြသည်။
ယခုနောက်ပိုင်းတွင် ပြည်ပကစားသမားများကိုပါ ခေါ်ယူခွင့်ပြုလာသည့်အတွက် ဒေသတွင်းသာမက နိုင်ငံတကာပရိသတ်များပါ စိတ်ဝင်စားမှု မြင့်တက်လာနေသည့် လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာကြောင်း သိရသည်။
