မြန်မာနိုင်ငံအတွင်း မုတ်သုံလေ အားကောင်းနေမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆) ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
မိုးကြီးနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းနေပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ ဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။
ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်များတွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း သိရသည်။
မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်များတွင်လည်း တစ်ခါတစ်ရံ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
