ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌဦးအောင်လင်းဒွေးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia တို့ မေ ၂၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် ဦးအောင်လင်းဒွေးက အစိုးရသစ်၏ ရက် (၁၀၀)ငြိမ်းချမ်းရေးအစီအစဉ်အဖြစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်ထားမှု၊ နှစ်နိုင်ငံနယ်နိမိတ်ချင်း မိုင်ပေါင်းများစွာထိစပ်နေ၍ နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစေရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ၎င်းတို့နှစ်ဦးသည် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် မြန်မာ့လွှတ်တော်များကြားပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး၊ တရုတ်နိုင်ငံ၏ စီးပွားရေးအောင်မြင်မှုများနှင့် မူဝါဒသစ်များက မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်အလမ်းသစ်များဖော်ဆောင်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီနိုင်ငံတည် ဆောက်ရေးခရီးလမ်းခိုင်မာစေရေးအတွက် နိုင်ငံနှင့်ကိုက်ညီသည့် ဒေသအခြေခံဖက်ဒရယ်စနစ်ဖော်ဆောင်နေမှု၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကုန် သွယ်ဖက်၊ ဒုတိယအကြီးဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်၍ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
