စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီ (RON 68) အား အသုံးပြုရန်သင့်လျော်သည့် မော်တော်ယာဉ်များသို့ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းထုတ်ဓာတ်ဆီကို ပထမအဆင့်အနေဖြင့် နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် (၁)ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် (၂)ဆိုင်၊ စုစုပေါင်း (၃) ဆိုင်တို့အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ (၄) ရက်မှစတင်၍ တစ်လီတာ (၂၂၀၀) ကျပ် နှုန်းဖြင့် မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များကိုသာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။
ယခုအခါ ပြည်သူများ၏ တောင်းဆိုချက်အရ ဒုတိယအဆင့်အနေဖြင့် RON 68 အသုံးပြုရန် သင့်လျော်သည့် အများပြည်သူပိုင်မော်တော်ယာဉ်များ၊ ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်များအား ယနေ့ ဇန်နဝါရီလ (၂၅) ရက်မှ စတင်၍ လွတ်လပ်စွာ ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းထုတ်ဓာတ်ဆီကို သုံးစွဲခြင်းဖြင့် ပြည်ပမှစက်သုံးဆီတင်သွင်းမှုကို အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေသုံးစွဲမှုသက်သာစေခြင်း၊ အသေးစားအလတ်စားစက်မှုလုပ်ငန်းများအတွက် သယ်ယူပို့ဆောင်ရေးလွယ်ကူလာခြင်း၊ ဆီစားနှုန်းသက်သာ၍ ကြာရှည်အမောင်းခံခြင်း၊ ပြည်သူလူထုများ နေ့စဉ်ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များမှ ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူသုံးစွဲရမည့်အစားသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲလာနိုင်သည့်အတွက် ကုန်ကျစရိတ်သက်သာပြီး မိသားစုဝင်ငွေအထိုက်အလျောက် အထောက်အပံ့ရရှိခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
