ရန်ကုန်၊ စက်တင်ဘာ ၂၀
နီပေါနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကြုံပစ္စည်းများ သယ်ယူရာတွင် အထူးသတိပြုကြရန် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၁၈ ရက်တွင် သတိပေးထားသည်။
မြန်မာသံရုံး၏ အသိပေးချက်အရ ယခုရက်ပိုင်းအတွင်း နီပေါနိုင်ငံသို့ အလည်အပတ်ခရီးသွားခြင်း၊ ပစ္စည်းသယ်ယူပို့ဆောင်သည့်လုပ်ငန်း လုပ်ကိုင်ခြင်း သို့မဟုတ် အလုပ်အကိုင်ရှာဖွေရန် လာရောက်သည့် မြန်မာနိုင်ငံသားအချို့သည် မသမာသူများက ရည်ရွယ်ချက်ရှိရှိ ထည့်ပေးလိုက်သည့် လူကြုံပစ္စည်းများအတွင်း တရားမဝင်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ ထည့်သွင်းထားသည်ကို မသိရှိဘဲ သယ်ဆောင်လာသည့် ဖြစ်စဉ်များ ရှိနေကြောင်း သိရသည်။
ယင်းသို့ သယ်ဆောင်လာမှုများကြောင့် ခတ္တမန္ဒူမြို့ရှိ Tribhuvan International Airport တွင် မူးယစ်ဆေးဝါးသယ်ဆောင်မှုဖြင့် မြန်မာနိုင်ငံသားအချို့ ဖမ်းဆီးခံရသည့် ဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပေါ်နေကြောင်းလည်း မြန်မာသံရုံးက အသိပေးထားသည်။
ထို့ကြောင့် နီပေါနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိကိုယ်တိုင် သေချာစွာ စစ်ဆေးသိရှိထားခြင်းမရှိသည့် လူကြုံပစ္စည်းများကို သယ်ဆောင်ခြင်းမပြုရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အထူးသတိပြုကြရန် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထားသည်။
