ပဲခူး၊ စက်တင်ဘာ ၂
ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး ယနေ့ စက်တင်ဘာ ၂ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေသည် ၉၁၂ စင်တီမီတာအထိ ရောက်ရှိလာကြောင်း တာဝန်ရှိသူများ၏ အသိပေးချက်အရ သိရသည်။
ပဲခူးမြစ်၏ စိုးရိမ်ရေမှတ်မှာ ၈၈၀ စင်တီမီတာဖြစ်သည့်အတွက် လက်ရှိမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ၃၂ စင်တီမီတာ ကျော်လွန်နေခြင်းဖြစ်သည်။
ယင်းကဲ့သို့ မြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းအနီး၊ မြေနိမ့်ပိုင်းနှင့် ရေဝင်ရောက်နိုင်သည့် ဒေသများတွင် နေထိုင်သူများအနေဖြင့် ရေအခြေအနေကို အထူးဂရုပြုစောင့်ကြည့်ကြရန် တာဝန်ရှိသူများက အသိပေးထားသည်။
ထို့အပြင် ရေဝင်ရောက်မှုအခြေအနေ ပိုမိုဆိုးရွားလာပါက ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ကြိုတင်ပြုလုပ်ထားရန်လည်း အသိပေးထားသည်။
လက်ရှိတွင် ပဲခူးမြို့အတွင်းရှိ လမ်းမကြီးအချို့တွင် ရေကျော်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် သွားလာရာတွင် ရေအခြေအနေကို အထူးဂရုပြုကြရန် လိုအပ်ကြောင်း သိရသည်။
ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လာနိုင်ခြေရှိသဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် သတိထားစောင့်ကြည့်ပြီး အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း သိရသည်။
