ပုသိမ်မြို့တွင် သုံးဘီးအိုးဝေယာဥ်များအား စုရပ်၊ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်ရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြား ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် မေ ၄ ရက်က ပြုလုပ်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အထွေထွေ အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုင်ကယ်များ၊ သုံးဘီးယာဉ်များသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ နှင့်အညီ မောင်းနှင်ရန်လိုအပ်ပြီး သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ တူညီဝတ်စုံများ သတ်မှတ်ဆောင်ရွက်ပေးနိုင်ပါက ပိုမိုသင့်တော် မည်ဖြစ်ကြောင်း၊ မီးပွိုင့်များကောင်းမွန်ရေးအတွက် စစ်ဆေးဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါကြောင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီဖြစ်ရန်လိုကြောင်းလည်း ၄င်းကမှာကြားခဲ့သည်။
ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍လည်း ပူးပေါင်းအဖွဲ့များက စဉ်ဆက်မပြတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
အဆိုပါအစည်းအဝေးသို့ တက်ရောက်လာသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများ၊ သုံးဘီးယာဉ်များအား စုရပ်များ၊ ဂိတ်များသတ်မှတ်၍ တူညီဝတ်စုံဝတ်ဆင် မောင်းနှင်စေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်အခြေအနေများနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။
