ဧရာဝတီတိုင်းဒေသကြီးအတွင်း တိုးပွားလာသည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် သဘာဝဝန်းကျင်မထိခိုက်သော စွမ်းအင် (Green Energy) ကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် ပုသိမ်မြို့နယ်အတွင်း Galaxy Red Star ကုမ္ပဏီလီမိတက်က နေရောင်ခြည်စွမ်းအင်သုံး (Solar Powerplant) နှင့် လေအားလျှပ်စစ်သုံး (Wind Turbine Power Plant) စနစ်နှစ်မျိုးစပ်၍ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁၀၀) တိတိ ထုတ်လုပ်ရရှိရေးအတွက် စတင်ပြင်ဆင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီက လုပ်ငန်းများ ဆောင်ရွက်နေသည့် အစီအစဉ်များနှင့် ပတ်သက်၍ အစိုးရအဖွဲ့ထံ ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ဇူလိုင်လ ၇ ရက် (ယမန်နေ့) က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ယခုကဲ့သို့ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလာမှုအပေါ် ကြိုဆိုပါကြောင်းနှင့် စီမံကိန်းနှင့် ပတ်သက်၍ အောက်ပါအတိုင်း အပြုသဘောဆောင် လမ်းညွှန်ပြောကြားခဲ့သည် –
“လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းတွေကို တိုင်းဒေသကြီးအတွင်းမှာ အခုထက်ပိုပြီး ပိုမိုဆောင်ရွက်နိုင်မယ်ဆိုရင် ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေမှာတင်မကဘဲ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြေခံ MSME (အသေးစား၊ အငယ်စားနှင့် အလတ်စား) လုပ်ငန်းတွေလည်း အရှိန်အဟုန်နဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို မီးစက်မောင်းနှင်ရမှုတွေ လျော့နည်းသွားပြီး စက်သုံးဆီ အသုံးပြုရမှုတွေကိုလည်း ထိရောက်စွာ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ထို စီမံကိန်း အမြန်ဆုံး အောင်မြင်ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ ပေါင်းစပ်စနစ်သည် ကမ္ဘာ့အဆင့်မီ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နည်းပညာဖြစ်ပြီး၊ နေပူချိန်တွင် နေရောင်ခြည်ဖြင့်လည်းကောင်း၊ မိုးရာသီနှင့် ညဉ့်ဦးပိုင်းတွင် ပင်လယ်လေညင်းဖြင့်လည်းကောင်း ရာသီမရွေး ဟန်ချက်ညီညီ လျှပ်စစ်ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဤစီမံကိန်းသာ အောင်မြင်စွာ လည်ပတ်နိုင်ပါက ဧရာဝတီတိုင်းအတွင်းရှိ MSME ကုန်ထုတ်လုပ်မှု ကဏ္ဍကို အကြီးအကျယ် ပြောင်းလဲပေးနိုင်မည့် မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခု ဖြစ်ကြောင်း လေ့လာသုံးသပ်ရသည်။
