ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခေတ်အဆက်ဆက် ရှေးဟောင်းစေတီပုထိုးများ၏ မြေပြင်အောက် တည်ဆောက်မှုနည်းပညာနှင့် အုတ်မြစ်စနစ်ကို သိရှိနိုင်ရန် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) က ကွင်းဆင်းတူးဖော် သုတေသနပြုလျက်ရှိကြောင်း သိရသည်။
ယခု ၂၀၂၆ ခုနှစ်အတွင်း သုတေသနပြုလုပ်မည့် နေရာများမှာ –
သဗ္ဗုညုဂူဘုရားအနောက်ဘက် မီးမလောင်ကျောင်းအနီးရှိ ငကျွဲနားဋောင်းစေတီ၊
ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့ရှိ ပေါက်ပင်ရာစေတီ၊
ညောင်ဦး – ပုဂံမြို့ဟောင်း ကားလမ်းဘေး မင်းအိုချမ်းသာဘုရား အရှေ့ဘက်ရှိ ရှေးဟောင်းအဆောက်အအုံ တို့ ဖြစ်သည်။
အဆိုပါ တူးဖော်သုတေသနပြုနေမှုများကို စိတ်ပါဝင်စားသည့် သုတေသီများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာနိုင်ကြောင်း ပုဂံဌာနခွဲက ဖိတ်ခေါ်ထားသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် ၂၀၂၃ ခုနှစ်မှ စတင်ကာ ခေတ်ကာလမတူညီသည့် ရှေးဟောင်းအဆောက်အအုံ (၁၂) ခု၏ အုတ်မြစ်စနစ်ကို တူးဖော်လေ့လာခဲ့ပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ သုတေသနပြုခြင်းဖြင့် ရှေးခေတ်မြန်မာတို့၏ ဗိသုကာအတတ်ပညာနှင့် တည်ဆောက်မှုနည်းစနစ်များကို အနာဂတ်မျိုးဆက်သစ်များအတွက် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
