နျူကလီးယားလက်နက်တွေ လျှော့ချရေးအတွက် ရုရှား၊ တရုတ်တို့နဲ့ သဘောတူစာချုပ်တစ်ခု လက်မှတ်ရေးထိုးချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။
လောလောဆယ်မှာ အမေရိကန်ဟာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်ထားပြီး ရုရှားကတော့ ဒုတိယနေရာမှာ ရှိနေတယ်လို့ သူက ထောက်ပြပါတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်တွေကို တက်တက်ကြွကြွ တိုးမြှင့်တည်ဆောက်နေပြီး နောက် ၅ နှစ်အတွင်းမှာ သူတို့ (အမေရိကန်နဲ့ ရုရှား) ကို ရင်ပေါင်တန်းနိုင်လာလိမ့်မယ်လို့ ဆိုပါတယ်။
ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲမှာ ထရန့်က အခုလို ပြောခဲ့တာပါ။
“ကျွန်တော်တို့ နျူကလီးယားကင်းစင်ရေး သဘောတူညီချက်တစ်ခု လုပ်သင့်ပါတယ်။ ဒါဟာ တကယ်ကို ကောင်းမွန်တဲ့အရာ ဖြစ်လာမှာပါ။ ကျွန်တော်တို့မှာ ဒီလောက်အများကြီး ရှိနေဖို့ မလိုပါဘူး။ ကမ္ဘာကြီးတစ်ခုလုံးကို အကြိမ် ၃၀၀ မက ဖောက်ခွဲဖျက်ဆီးပစ်နိုင်လောက်တဲ့အထိ လက်နက်တွေ ရှိနေစရာ မလိုပါဘူး၊ ဒါဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။ နျူကလီးယားလျှော့ချရေး သဘောတူညီချက်တစ်ခု လုပ်နိုင်မယ်ဆိုရင် ကျွန်တော် တကယ်ပဲ အလိုရှိပါတယ်”
သူက ဆက်ပြီးတော့လည်း အခုလို မှတ်ချက်ပေးခဲ့ပါတယ်။
“ပြီးတော့ အဲဒီနှစ်နိုင်ငံထဲက တစ်နိုင်ငံကတော့ ဒါကိုလုပ်ဖို့ တော်တော်လေး ဆန္ဒရှိပါတယ်။ ကျန်တဲ့တစ်နိုင်ငံကတော့ သိပ်ပြီး အားမသန်ဘူးလို့ ကျွန်တော် ပြောချင်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စ အောင်မြင်ဖို့ဆိုရင်တော့ အားလုံး ပါဝင်ဖို့ လိုအပ်ပါတယ်”
