ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကျင်းပသည့် YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy – MIL) ကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည်။
ယခုနှစ်ပြိုင်ပွဲကို “Play Your Part: Youth Design the Future of Media and Information Literacy” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်ပြီး လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် ဒီဂျစ်တယ်ခေတ် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် အကြံဉာဏ်သစ်များကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
ပြိုင်ပွဲဝင်များအနေဖြင့် တစ်ဖွဲ့လျှင် အဖွဲ့ဝင် ၂ ဦးမှ ၆ ဦးအထိ စုဖွဲ့၍ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မိမိတို့ ဖြေရှင်းလိုသည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ ပြဿနာ၊ ရည်ရွယ်ချက်နှင့် ဖြေရှင်းနည်းများ ပါဝင်သည့် Proposal တစ်စောင်နှင့် ၃ မိနစ်ထက်မပိုသည့် Pitch Video တစ်ခုကို တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သတင်းတုနှင့် သတင်းမှားများ တိုက်ဖျက်ရေး၊ AI နည်းပညာအသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများ၊ အွန်လိုင်းအမုန်းစကားများ လျှော့ချရေးနှင့် ဒီဂျစ်တယ်ပညာရေး မြှင့်တင်ရေးစသည့် ခေတ်သစ် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ အကြောင်းအရာများကို အဓိကထား ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အနိုင်ရရှိသည့် အဖွဲ့များအနေဖြင့် ဂရိနိုင်ငံသို့ သွားရောက်ခွင့်ရရှိမည်ဖြစ်ပြီး နိုင်ငံတကာ လူငယ်တီထွင်ဖန်တီးသူများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။
