တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူး မစ္စတာ ဝမ်ဟောက် (Wang Hao) က ဇွန် ၁၈ ရက် ညပိုင်းတွင် ဟန်ကျိုးမြို့ရှိ Huajia Shanzhuang Hotel ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်အားကောင်းလာလျက်ရှိကြောင်း၊ ကျဲ့ကျန်းပြည်နယ်နှင့် မြန်မာနိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းလာကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့ပြင် ကျဲ့ကျန်းပြည်နယ်အစိုးရအနေဖြင့် နှစ်နိုင်ငံအကြား ရရှိထားသည့် သဘောတူညီချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် တွေ့ဆုံဆွေးနွေးမှုများနှင့် ကူးလူးဆက်ဆံမှုများကို ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း အချိန်ကာလနှင့် စနစ်များ မည်သို့ပြောင်းလဲစေကာမူ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုသည် ပိုမိုခိုင်မာတိုးတက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားချင်း နီးစပ်မှုကသာ ကဏ္ဍပေါင်းစုံတွင် ပိုမိုနက်ရှိုင်းသည့် ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး နှစ်ဖက်တာဝန်ရှိသူများက နည်းပညာ၊ အထည်အလိပ်၊ စိုက်ပျိုးရေးနှင့် လက်ဖက်ကဏ္ဍ၊ စွမ်းအင်ကဏ္ဍများတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေးအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ကျဲ့ကျန်းပြည်နယ်ပါတီအတွင်းရေးမှူးက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
