ထိုင်းနိုင်ငံ၌ ယမန်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည့် Patong Combat Ring of Fighting ကစ်ဘောင်ဆင်ပွဲစဉ်အတွင်း ရိုးရာလက်ဝှေ့မယ် နော်ဥမ္မာစိုးက တရုတ်ဖိုက်တာ Shien Nan နှင့် ယှဉ်ပြိုင်ထိုးသတ်ရာ နော်ဥမ္မာစိုး တရုတ်ဖိုက်တာကို ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားနှစ်ဦး သုံးချီအပြည့် ထိုးသတ်နိုင်ခဲ့သော်လည် နော်ဥမ္နာစိုးမှာ ဒိုင်ပေးမှတ်ဖြင့်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။
အသက် (၁၅) နှစ် အရွယ်သာရှိသေးသည့် ပြိုင်ဘက် တရုတ်ဖိုက်တာမှာ နော်ဥမ္မာစိုး၏ Body shoots ထိုးချက်များကို တောင့်ခံနိုင်ခဲ့သည်ကိုတွေ့ရပြီး၊ နောက်ဆုံးအချီတွင် နော်ဥမ္မာစိုး၏ ကစားပုံပြောင်းလဲခဲ့သော်လည်း သူမချမှတ်ထားသည့် Game plan မှာ မအောင်မြင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့ရသည်။
“နော်ဥမ္မာစိုးရဲ့အမှားက Body shoots ထိုးတာရပ်ပြီး ဒုတိယအချီကတည်းက ပြိုင်ဘက်မျက်နှာပိုင်းကို သေချာထိုးရမှာပါ၊ ကလေးမလေးက ငယ်သေးပေမဲ့ Body shoots တော်တော်ခံနိုင်တယ်၊ ဒီ Game plan အလုပ်မဖြစ်ခဲ့ဘူး။ တတိယအချီမှာမှ နော်ဥမ္မာစိုးရဲ့ ကစားပုံကောင်းတာပါ၊ နှစ်ချီလောက်ကို အဲသလိုပြောင်းဆော့လိုက်ရင် နိုင်ပါတယ်ဗျာ၊ Body နှိုက်ပြီးအချိန်တွေကုန်သွားတယ်၊ အခုတော့ထားလိုက်တော့ ကစ်ဘောက်ဆင် ပထမဦးဆုံးပွဲဆိုတော့ စည်းမျဉ်းတွေနဲ့သိပ်အဆင်မပြေသေးလို့ဖြစ်နိုင်ပါတယ်။”ဟု ရိုးရာ ပရိတ်သတ်တစ်ဦးက ဆိုထားသည်။
နော်ဥမ္မာစိုးသည် ပြီးခဲ့သည့် ဇန်နဝါရီ (၉)ရက်၌ ကျင်းပပြုလုပ်သည့် Patong fight night ချန်ပီယံခါးပတ်လုပြိုင်ပွဲတွင် မွေထိုင်းဖိုက်တာ ဘစ်နီဖရင်ကို ဒိုင်ပေးမှတ်ဖြင့် အနိုင်ယူကာ မွေထိုင်းချန်ပီယံခါးပတ်ကို ဆွတ်ခူးထားသူတစ်ဦးဖြစ် သည်။
ရိုးရာလက်ဝှေ့ဖိုက်တာများအနက် Patong Fight Night မွေထိုင်းချန်ပီယံခါးပတ်လုပွဲစဥ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ စောထူးအောင်က ပထမဦးဆုံး ချန်ပီယံခါးပတ်ကိုင်မြောက်နိုင်ခဲ့သူဖြစ်ခဲ့ပြီး ၊ နော်ဥမ္မာစိုးက ဒုတိယချန်ပီယံ ရရှိခဲ့သူဖြစ်သည်။
