နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ထားသည့် ဆိုလာ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၈)ရုံရှိနေကာ နိုင်ငံအတွင်း ဆိုလာစီမံကိန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်စေလိုကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
လက်ရှိတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၈)ရုံ မှ စုစုပေါင်း တပ်ဆင်စက်အင်အား ၂၄၀ မဂ္ဂါဝပ်ရှိကာ နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလိုအပ်ချက်သည် နှစ်စဉ် (၁၅) ရာခိုင်နှုန်းဝန်းကျင် တိုးတက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ထို့ကြောင့် လက်ရှိအချိန်ထိ လျှပ်စစ်ဓာတ်အားရရှိမှု အချိုးသည် (၆၈ ဒသမ ၆၉) ရာနှုန်းကျော် ရရှိသုံးစွဲနေပြီ ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ထုတ်လုပ်မှုကို ကာမိစေရန်အတွက် တည်ဆောက်ဆဲစီမံကိန်း (၁၀) ခုမှ စုစုပေါင်းတပ်ဆင်စက် အင်အား (၁၀၂၆) မဂ္ဂါဝပ်ကို အခက်အခဲများကြောင့် အကောင်အထည်ဖော်မှု နှောင့်နှေးနေရပြီး မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်းလည်း သိရသည်။
လက်ရှိတွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စုစုပေါင်း တပ်ဆင်အင်အား (၆၅၂၀) မဂ္ဂါဝပ်ဖြစ်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စွမ်းအင်အမျိုးအစားတွင် ရေအားလျှပ်စစ်မှ (၅၀) ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့မှ (၄၃)ရာခိုင်နှုန်း၊ ကျောက်မီးသွေးမှ (၂)ရာခိုင်နှုန်း၊ ဆိုလာမှ (၄) ရာခိုင်နှုန်းနှင့် ဒီဇယ်က မှ (၁)ရာခိုင်နှုန်း ထုတ်လုပ်နေကြောင်း သိရသည်။
