မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဥ်ရောက်ရှိလာသည့် တရုတ်ကွန် မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့ ယနေ့ ဧပြီ ၂၅ ရက်က နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော် ၌တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက တရုတ်နိုင်ငံသမ္မတအ နေဖြင့် မိမိကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီးနာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပထမဆုံးပေးပို့ပြီး အလေးအနက်ထားမှုကိုပြသပေးမှုအတွက်ဝမ်းမြောက်ဂုဏ်ယူပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြား ရေးဝန်ကြီးအနေဖြင့်လည်း မိမိဦးဆောင်သည့်အစိုးရ အဖွဲ့တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးလာရောက်မှုအပေါ် ကျေးဇူးတင်သည်ဟုပြောကြားသည်။
ထို့ပြင် မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန်အတွင်း မြန်မာ နိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
ထို့ပြင် Mr. Wang Yi မှလည်း အဆွေတော်အား မြန်မာ နိုင်ငံသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရမှုအပေါ် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်မှဝမ်း မြောက်ဂုဏ်ယူပြီး ဆုမွန်ကောင်းတောင်းပေးလိုက်ကာ တရုတ်နိုင်ငံအနေဖြင့် အဆွေတော်ကို သမ္မတကြီးအ ဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြှောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်း သစ္စာကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်တက်ရောက်စေခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတို့အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကိုပြသခြင်းဖြစ်သည်ဟု ပြောကြားသည်။
ထို့အတူ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန် မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ တော်ကြီးဖြစ်လာမည်ဟုလည်းယုံကြည်ကာ နှစ်နိုင်ငံကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝအကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကို အရှိန်အဟုန် မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တ ရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ နိုင်ငံအပေါ် ဆက်လက်ရပ်တည်ထောက်ခံဆောင်ရွက်ပေးသွားမည်ဟုလည်း ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တ ရုတ်နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံကြား သံတ မန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ အေးအတူပူမျှအသိုက်အဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့်ကိုက်ညီသော ပြည်သူများ၏ထောက်ခံမှုကိုလည်းရရှိနိုင်သည့် အောင်မြင်မှုလမ်းကြောင်းကိုချီတက်ရန် စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ် မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကို စွဲစွဲမြဲမြဲထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်းကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အ စည်းသဟဇာတဖြစ်မှုကိုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိမှု၊ နယ် စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများလွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးတို့တွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်သွားမည်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
မန္တလေးငလျင်ကြီးကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် တည် ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည့်အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် အာဆီယံအသိုက်အဝန်းတို့အတွင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည့်အခြေအနေ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး ပြည်သူ များကရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိ၍ အာဆီယံအဖွဲ့ အ တွင်း ပါဝင်ဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အရှေ့အလယ်ပိုင်းဒေသတည်ငြိမ်အေး ချမ်းရေးအတွက်ပြောကြားထားသည့် အကြံပြုချက် (၄)ချက်အပေါ် ထောက်ခံလျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှု၊ စွမ်းအင်နှင့် သတ္တုကဏ္ဍ၊ စိုက်ပျိုး ရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက် မှုများမြှင့်တင်ဆောင်ရွက်သွားရေး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ပူး ပေါင်းတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင် ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာ နိုင်ငံခရီးစဥ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် အစိုးရသစ်ပေါ်ထွက်လာကာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောကာလတစ်ခုတွင်ရှိနေပြီး တရုတ်-မြန်မာ”ဆွေ မျိုးပေါက်ဖော်”ချစ်ကြည်ရေးကို ပိုမိုထွန်းကားလာစေရန်မျှော်လင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားထားကြောင်း မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်ထားသည်။
