နိုင်ငံငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ခိုင်ခိုင်မာမာလျှောက်လှမ်းနေဆဲဖြစ်ပြီး အောင်မြင်အောင်ဆောင်ရွက်မည်ဆိုသည့် သံဓိဌာန်စိတ်ဖြင့်လုပ်ဆောင်မည်ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောကြားသည်။
ယနေ့ အောက်တိုဘာ (၁၇)ရက် NCA (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ နောက်ဆုံးရက်၌ ဗိုလ်ချုပ်စိုးနိုင်ဦး က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်စိုးနိုင်ဦးက NCA လုပ်ငန်းစဉ်အောင်မြင်သင့်သလောက် မအောင်မြင်ခြင်းသည် NCA ကိုရေးဆွဲအတည်ပြုတာက အစိုးရတစ်ဖွဲ့ဖြစ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်တာက အစိုးရတစ်ဖွဲ့ဖြစ်ခဲ့ခြင်းဟာ တစ်ချက်အပါအဝင် ဖြစ်ပါတယ်
“နိုင်ငံတကာငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာတဲ့အခါမှာလည်း ရပ်တံ့မှုတွေ အတက်အကျ အနိမ့်အမြင့်တွေ ဖြစ်ပေါ်တတ်တာကို တွေ့ရှိရပါတယ်။ကျွန်တော်တို့နိုင်ငံဟာနိုင်ငံရေးစနစ်အစဉ်အလာအရ၊ ယဉ်ကျေးမှုဘာသာရေး၊ အစဉ်အလာအရ မတူညီတဲ့နိုင်ငံကြီး (၂)ခုကြားမှာရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ GP အရရော၊ GE အရရော အရေးပါတဲ့နေရာ ပထဝီအရတည်ရှိနေတာဖြစ်ခြင်းဟာလည်း ကျွန်တော်တို့နိုင်ငံအပေါ် သက်ရောက်မှုရှိနေပါတယ်။”ဟု ဆို သည်။
ထို့ကြောင့် အဓိကအရေးပါတဲ့ အင်အားကြီး နိုင်ငံကြီး နှစ်ခုအကြားမှာရှိနေသည့် မြန်မာနိုင်ငံအနေဖြင့် ပထဝီအကျဉ်းသားမဖြစ်စေဘဲ ပထဝီစွမ်းအားကို အသုံးချနိုင်သော နိုင်ငံဖြစ်ရန်လိုအပ်ကြောင်း ဆိုသည်။
သို့မှသာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ အောင်မြင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦး က ပြောကြားခဲ့သည်။
