ယခုနှစ်ပဲခူးဘုရားပွဲကြီးသည် ထူးခြားလှသည့် ဇာတ်သဘင်အပြင်အဆင်များကြောင့်၄င်း၊ ဇာတ်သဘင် တခေတ်ပြန်ဖြစ်လာခြင်းကြောင့်၄င်း၊ ပွဲကြီးပွဲကောင်းများ တောင့်တနေသည့် ပရိတ်သတ်များကြောင်း၄င်း ကြက်ပျံမကျ စည်ကားလွန်းသဖြင့် လုံခြုံရေးကို အထူးစီမံထားကြောင်းသိရသည်။
ရန်ကုန်၊ မန္တလေးနှင့် အနယ်နယ်အရပ်ရပ်မှလာကြသူများ၊ နာမည်ကျော်အနုပညာရှင်များပါ ဘုရားပွဲလာရောက်ဆင်နွဲချင်လောက်အောင် ၁၂ ပွဲဈေးသည်များစုံလင်ခြင်း၊ များပြားလှသည့် နယ်မှလှည်းတပ်ကြီးများအတွက်လည်း နေရာပါစီစဥ်ထားရသည်။
ပဲခူးသို့ဧည့်ဝင်များပြားမှုကြောင့် စားသောက်ဆိုင်များပင် ၃ ရက်စာ စျေးဝယ်ထားသည်များ တရက်ဖြင့်ကုန်ကြကြောင်းနှင့် စားအုန်းဆီအခက်ခဲရှိကြောင်း ဆိုင်အချို့က ဆိုသည်။
ဇာတ်သဘင်အဖွဲ့များ၏ ဖျာပေါက်ဈေးမှာ တသိန်းမှ သုံးသိန်းထိရှိကြလေပြီး ဖျာသေးကြောင်းလည်းစောဒကတက်ကြသည်။ ယခုနှစ် ထူးခြားမှု ဖြစ်သည့် ဇာတ်လေးဇာတ်ပေါင်း ဖျော်ဖြေသည့် မင်းသားဖိုးချစ်တို့ ဇာတ်ရုံက ပွဲကြည့်စင်အဆင့်အလိုက် အခိုင်အမာပေါ်တွင် ဆိုဖာခုံများဖြင့် ပြင်ဆင်ခြင်းဖြစ်သည်။ ဆိုဖာရှေ့ရှိ ဖျာနေရာက လူကြိုက်ပိုများနေကြသည်။ ပွဲလက်မှတ်များလည်း ဆီတန်းဆီသကဲ့သို့ပင် နေကုန်နေခမ်း စောင့်ဝယ်ကြရခြင်းဖြစ်သည်။
သဘင်သည်တို့မှာလည်း ပရိသတ်အားပေးမှုကြောင့် မနက်၈နာရီအထိ ကပြဖျော်ဖြေနေကြသည်။
နှစ်ပေါင်းနှစ်ထောင်ကျော်လာသည့်ရွှေမော်ဓော စေတီတော်မြတ်ကြီးသည် ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ကုသိုလ်ဓါတ်များလွှမ်းခြုံခဲ့ရာ နေရာ၊ ရာဇဝင်ထဲက ပုထုဇဥ်တို့၏ အဇ္စျတ္တ များဖြတ်သန်းခဲ့ရာနေရာကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို မတ်လ (၂၇) ရက်နေ့ ညနေပိုင်း စ ဖွင့်ခဲ့ပြီး ဘုရားပွဲကို ၁၅ ညအထိနွှဲပျော်ကြနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှုးကျင်းပခြင်းဖြစ်သည်။ ဘုရားပွဲကို ၁၅ ညအထိ ကျင်းပမည် ဘုရားရင်ပြင်ပေါ်တွင် စတုဒီသာကျွေးမည့်ရက်များလည်းရှိသည်။
တန်ခူးလပြည့်နေ့၊ ဧပြီလ (၁) ရက်နေ့၌ သုံးဂိုဏ်းဝင်သံဃာတော် အရှင်သူမြတ်အပါး (၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှုပွဲတွင်လည်း ကုသိုလ်ရှင်များစွာနှင့်အတူ အနုပညာရှင်များလည်း ကုသိုလ်ယူကြမည်ဖြစ်သည်။
