ယနေ့တွင် ဒေးဒရဲမြို့ အနီး ကျိုက်ထော်ကို ဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကို ရန်ကုန်က မြို့နယ်အချို့ သိသာခံစားခဲ့ရသည်။
အထူးသဖြင့် ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် ကမာရွတ်မြို့နယ်တို့၌ နေ့လယ် ၁၂ နာရီကျော်အချိန်က သိသာခံစားခဲ့ရခြင်း ဖြစ်သည်။
“လှိုင်ဘက် သိသာတယ်၊ ကိုယ့်လိုပဲ တိုက်အောက်ပြေးဆင်းကြတဲ့လူတွေရှိတယ်” ဟု ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပေါ်ပြူလာကိုပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမူ မြန်မာစံတော်ချိန် (၁၂)နာရီ၊ (၁၅)မိနစ်၊ (၁၆) စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၃၂) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဒေးဒရဲမြို့၏ မြောက်-အနောက်မြောက်ဘက် (၇) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၁၆.၅၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၈၄) ဒီဂရီ၊ အနက်(၁၁) ကီလိုမီတာကို ဗဟိုပြု၍ ပမာဏ ၃.၈ (M) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားသည်ဟု ဆိုသည်။
ဇွန်လအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တမူးဘက်အပါအဝင် ငလျင်လှုပ်ခတ်မှုအကြိမ် ၅ ကြိမ်ထက်မနည်းရှိထားသည်။
