ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးသည် ပျော်ဘွယ်မြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၈ ရက် နေ့လယ်ပိုင်းတွင် ကျင်းပသည့် တွေ့ဆုံပွဲ၌ ဦးသောင်းအေးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပြည်သူများ၏ လိုအပ်ချက်နှင့် လိုလားချက်များကို လွှတ်တော်အဆင့်ဆင့်တွင် မေးခွန်း၊ အဆိုများအဖြစ် တင်ပြဆွေးနွေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်စေရန် အစိုးရက ဆောင်ရွက်ရမည့်တာဝန်များ၊ လွှတ်တော်က ဆောင်ရွက်ရမည့်တာဝန်များရှိသကဲ့သို့ ပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ လွှတ်တော်တို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးသောင်းအေးက အလေးထားပြောကြားခဲ့သည်။
တွေ့ဆုံပွဲအပြီးတွင် ဦးသောင်းအေးနှင့် ဇနီး ဒေါ်သင်းမျိုးမျိုးအောင် မိသားစုက ဒေသခံပြည်သူများအား ဗုဒ္ဓရုပ်ပွားတော်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးအောင်နိုင်ညွန့်၊ ဒေါ်သန်းသန်းအေး၊ မြို့နယ်ပါတီတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
