အိုမန်မှ မြန်မာသို့ပြန်လာစဉ် Transit ခရီးစဉ်အတွင်း လက်မှတ်အတုဖြစ်နေ၍ အခက်အခဲကြုံတွေ့ခဲ့
အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာစဉ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ (Suvarnabhumi) အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လေယာဉ်လက်မှတ်အတုဖြစ်နေသဖြင့် ပိတ်မိခဲ့သည့် မြန်မာအမျိုးသမီးတစ်ဦးအား ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက အရေးပေါ်ကူညီဆောင်ရွက်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်သည် အိုမန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လာရာတွင် ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ Transit ဖြင့် စောင့်ဆိုင်းနေစဉ် ရန်ကုန်သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လေဆိပ်အတွင်း ခေတ္တပိတ်မိကာ အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့က ဇွန်လ ၂၉ ရက်တွင် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် သံအရာရှိရုံးက ချက်ချင်းတုံ့ပြန်ကာ လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။
ထို့နောက် Myanmar National Airlines (MNA) နှင့် ညှိနှိုင်း၍ လေယာဉ်လက်မှတ်အသစ် စီစဉ်ပေးခြင်းအပါအဝင် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို အမြန်ဆုံးဆောင်ရွက်ပေးခဲ့ပြီး ဒေါ်စောနန်းကြည်သည် မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အလုပ်သမားများ ဘေးကင်းလုံခြုံစွာ နေထိုင်လုပ်ကိုင်နိုင်ရေးနှင့် အရေးပေါ်အခက်အခဲများ ကြုံတွေ့ပါက ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
