မော်စကို၊ စက်တင်ဘာ ၂၀
ရုရှားနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းသည် စက်တင်ဘာ ၂၀ ရက်က ရုရှားနိုင်ငံ၏ ဒူးမားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည့် မော်စကိုမြို့ရှိ မဲရုံများသို့ သွားရောက်၍ မဲပေးမှုလုပ်ငန်းစဉ်များကို ကြည့်ရှုလေ့လာခဲ့သည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် အာဘတ်မြို့နယ်ရှိ အနုပညာရှင်များစုဝေးရာ ကဇာတ်ရုံ၌ ဖွင့်လှစ်ထားသည့် မဲရုံ၊ ဟာမောဗညီးကီးမြို့နယ်ရှိ သိပ္ပံပညာရှင်များဆုံစည်းရာအိမ်၌ ဖွင့်လှစ်ထားသည့် မဲရုံ၊ ယာကီမန်းကာမြို့နယ် အစိုးရစုပေါင်းရုံးရှိ မဲရုံ၊ အာချာကောဗာမြို့နယ် ဈေးဝယ်စင်တာနှင့် အနားယူအပန်းဖြေရာနေရာရှိ မဲရုံနှင့် ဒါရာဂါမီးလာဗာမြို့နယ် ယီဗရောပြဲစကီးယီကုန်တိုက်ရှိ အစိုးရစုပေါင်းရုံး၌ ဖွင့်လှစ်ထားသည့် မဲရုံတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။
အဆိုပါမဲရုံများတွင် မဲဆန္ဒရှင်ဦးရေ ၃,၀၀၀ ကျော်မှ ၈,၀၀၀ ကျော်အထိရှိပြီး မဲစာရွက်ဖြင့် မဲပေးခြင်း၊ စက်ဖြင့် မဲပေးခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် Gosuslugi အက်ပလီကေးရှင်းကို အသုံးပြု၍ မဲပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် မကျန်းမာသူများနှင့် သက်ကြီးရွယ်အိုများအတွက် အိမ်တိုင်ရာရောက် မဲစာရွက်ဖြင့် မဲပေးနိုင်ရန်နှင့် စက်ဖြင့် မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
မဲရုံများ၌ နိုင်ငံတကာမှ လာရောက်သည့် ရွေးကောက်ပွဲလေ့လာသူများအပြင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ စောင့်ကြည့်လေ့လာသူများလည်း မဲပေးမှုလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
ရုရှားနိုင်ငံ၏ ၉ ကြိမ်မြောက် State Duma အမတ်ရွေးကောက်ပွဲတွင် အမတ်နေရာ ၄၅၀ အတွက် ရွေးချယ်ခြင်းဖြစ်ပြီး မဲပေးမှုကို စက်တင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့သည်။
