ဒု-သမ္မတဒေါ်နန်းနီနီအေးသည် တရုတ်နိုင်ငံ၊ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(တိဘက်)၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဟိမဝန္တာတောင်တန်းဒေသဖြတ်ကျော်နိုင်ငံများဆိုင်ရာဖိုရမ်တက်ရောက်ရန် ယနေ့ ဇူ လိုင် ၁၅ ရက်မွန်းလွဲပိုင်းက တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဖိုရမ်ကို တရုတ်နိုင်ငံ၊ လင်ကျစ်မြို့၌ ပဉ္စမအကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကာ ဟိမဝန္တာတောင် တန်းဒေသတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ ဒေသတွင်းနှင့် အခြားနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးမှုကိုမြှင့်တင်ရန် ရည် ရွယ်၍ ဇူလိုင် ၁၆ ရက်မှ ဇူလိုင် ၁၈ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဒု-သမ္မတဒေါ်နန်းနီနီအေး ဦးဆောင်သည့်အဖွဲ့အား ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားနှင့် တာဝန်ရှိသူများက ရန်ကုန်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ဒု-သမ္မတနှင့်အတူ ဒု-ဝန်ကြီးများဖြစ်သည့် ဦးနိုင်မင်းကျော်၊ ဒေါက်တာသောင်းနိုင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါသွားခဲ့ကြကြောင်း သိရသည်။
