မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certifi-cate of Identity- CI ) ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဩဂုတ်(၆)ရက်နေ့က စတင်ပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေပါ ခံစားခွင့်များရရှိနိုင်ရန်၊ အလုပ်လုပ်ကိုင်ခွင့်သက်တမ်းအပြည့်အဝရရှိစေရေးနှင့် အလုပ်သမားရေးရားကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ထုတ်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်သေခံလက်မှတ်များကို ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရာဌာနီ နှင့် ချင်းမိုင်တို့တွင် စခန်းလေးခုဖွင့်ပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ စခန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာတွင် ထိုင်းစံတော်ချိန် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အပတ်စဉ် တနင်္လာနေ့နှင့် မြန်မာသံရုံး (ဗန်ကောက်မြို့)မှ သတ်မှတ်ထားသော ရုံးပိတ်ရက်များကို အလုပ်နားရက်အဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
