ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ မက္ကဆန်ဘူတာအနီး ရထားသံလမ်းကူးတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ရထားတိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာမှ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား မအေးအေးမြင့်၏ ကျန်ရစ်သူမိသားစုအနေဖြင့် ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေအရ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကျိုးခံစားခွင့်များ ရရှိနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၏ လမ်းညွှန်မှုဖြင့် အလုပ်သမားသံအရာရှိရုံးက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကူညီဆောင်ရွက်ပေးမှုကြောင့် မအေးအေးမြင့်၏ ကျန်ရစ်သူမိသားစုသည် ရထိုက်သည့် အကျိုးခံစားခွင့်အဖြစ် ထိုင်းဘတ်ငွေ ၂ သန်း (ဘတ် ၂,၀၀၀,၀၀၀) ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ထုတ်ယူရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံး၏ မှတ်တမ်းအရ သိရသည်။
အဆိုပါ အကျိုးခံစားခွင့်များ ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သည့် မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်း ကွယ်လွန်သူ မအေးအေးမြင့်၏ အစ်ကိုဖြစ်သူက မိသားစုကိုယ်စား ဩဂုတ် ၅ ရက်တွင် အလုပ်သမားသံအရာရှိရုံးသို့ ကိုယ်တိုင်လာရောက်၍ မှတ်တမ်းတင် ပြောကြားခဲ့ကြောင်း သိရသည်။
