တောင်ကြီး၊ စက်တင်ဘာ ၈
ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီးနှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် စုစုပေါင်း ငွေကျပ်သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများနှင့် စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ကြီးမြို့နယ်၊ ရွှေညောင် – ရပ်စောက်သွား ကားလမ်း၊ ပန်းစုံကျေးရွာအနီးတွင် ဩဘာတ (ခ) စိုင်းဩဘာတ မောင်းနှင်လာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရာမှ ဒေသတန်ဖိုး ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်။
ထို့အတူ ယင်းနေ့ ည ၁၁ နာရီခွဲတွင် ပူးပေါင်းအဖွဲ့သည် မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ ပန်မော် (၂၀) မိုင်ရွာအနီး ကျိုင်းတုံ – တောင်ကြီးသွား ကားလမ်းတွင် စိုင်းစံထွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၁,၀၂၀ တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၁,၀၂၀ ကီလိုနှင့် ယောလှ မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၉၈၀ တန်ဖိုးရှိ ကဖင်း ၉၈၀ ကီလိုတို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများဖြစ်သည့် ဩဘာတ (ခ) စိုင်းဩဘာတ၊ စိုင်းစံထွန်းနှင့် ယောလှတို့ သုံးဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
