တိုင်းရင်းသားများ၏ ပင်ကိုစိတ်ရင်းသည် ပကတိရိုးသားဖြူစင်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်တွင်ကျရောက်သည့် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ သဝဏ်လွှာပေးပို့၍ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအားလုံးသည် မတူကွဲပြားမှုများရှိသော်လည်း ပြည်ထောင်စုသားသွေးချင်းများဖြစ်သည်ဟူသောအသိစိတ်ဖြင့် တစ်ဦးနှင့်တစ်ဦး တန်ဖိုးထားလေးစားကာ စည်းလုံးညီညွတ်မှု အစဉ်အလာကောင်းများဖြင့် ချစ်ကြည်စွာအတူယှဉ်တွဲနေထိုင်လာခဲ့ကြသည်ဟု ပြောသည်။
” တိုင်းရင်းသားတွေရဲ့ ပင်ကိုစိတ်ရင်းက အေးချမ်းစွာနေထိုင်စားသောက်လိုစိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ အချင်းချင်းရိုင်းပင်းကူညီလိုစိတ်အပြည့်ရှိကြပါတယ်။ ပကတိရိုးသားဖြူစင်တဲ့ စိတ်ထားရှိကြပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ယနေ့အချိန်ထိ တိုင်းရင်းသားညီနောင် အချင်းချင်းကြားတွင် လက်နက်ကိုင်ပဋိပက္ခများဖြင့် မတည်ငြိမ်မအေးချမ်းဖြစ်နေမှုအား ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ကြရပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုကာ လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။
” နစက အနေနဲ့ နိုင်ငံတော်ရဲ့ ပကတိအနှစ်သာရဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ တစ်ဦးနဲ့တစ်ဦး သဘောထားကွဲလွဲမှုတွေရှိနိုင်ပေမယ့် ကိုယ်စီလိုလားချက်တွေကို လက်နက်ကိုင်အကြမ်းဖက်တဲ့နည်းလမ်းနဲ့ တောင်းဆိုခြင်းဟာ မှားယွင်းတဲ့လမ်းစဉ်ဖြစ်ပြီး မှန်ကန်တဲ့ကောင်းကျိုးရလဒ်တွေ ရရှိနိုင်မှာမဟုတ်ပါဘူး”ဟု နစက ဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် မိမိတို့တိုင်းရင်းသားများကြား နားလည်မှုလွဲမှားခြင်းများ၊ ပဋိပက္ခများရှိပါက တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာဖြေရှင်းနိုင်မည်ဖြစ်၍ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်ရန် ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ်ကြိုဆိုလျက်ရှိရာ ဒေသခံတိုင်းရင်းသားများမှလည်း လက်နက်ကိုင်အဖွဲ့အစည်းများအား မိမိတို့လိုလားချက်များကို နိုင်ငံရေးနည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာရေးကို အားပေးဆောင်ရွက်ကြရန် မေတ္တာရပ်ခံလိုသည်ဟု နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
