စနေနေ့မှာ တိုင်ဖွန်းဘာဗီ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် အရှေ့အာရှတလွှားမှာ ဆိုးဆိုးရွားရွား ကမောက်ကမတွေ ဖြစ်ခဲ့ရပါတယ်။ ဂျပန်နိုင်ငံတောင်ပိုင်း ကျွန်းတွေကို လေပြင်းတွေ၊ မိုးသည်းထန်မှုတွေနဲ့ ဝင်ရောက်မွှေနှောက်ခဲ့သလို ထိုင်ဝမ်မှာလည်း လူနေမှုဘဝတွေ ရပ်တန့်လုနီးပါးအထိ ဖြစ်သွားခဲ့ပါတယ်။
ဖိလစ်ပိုင်မှာလည်း ဘာဗီကြောင့် အသေအပျောက်နဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့
ပြီးခဲ့တဲ့အပတ်က အမေရိကန် ပစိဖိတ်နယ်မြေတွေဖြစ်တဲ့ ဂူအမ်ကျွန်းနဲ့ မြောက်ပိုင်း မာရီယာနာကျွန်းစုတွေအပေါ်မှာ “စူပါတိုင်ဖွန်း” အဖြစ် စတင်ဖြစ်ပေါ်ခဲ့တဲ့ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံမှာလည်း ရေကြီးတာတွေနဲ့ မြေပြိုတာတွေကို ဖြစ်စေခဲ့ပါတယ်။ အနည်းဆုံး လူ ၁၇ ယောက် သေဆုံးခဲ့ပြီး တောင်ပိုင်း မင်ဒါနာအိုကျွန်းမှာတော့ ၉ ယောက် ပျောက်ဆုံးနေပါတယ်။
ဆာရန်ဂါနီ (Sarangani) ပြည်နယ်၊ မာလာပါတန် (Malapatan) မြို့မှာ မြေပြိုမှုကြောင့် လူဆယ်ဦး သေဆုံးခဲ့ပြီး ဘူကစ်ဒ်နွန် (Bukidnon) ပြည်နယ်မှာတော့ နှစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။ လာနောင်း ဒယ် ဆာ (Lanao del Sur) မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ နောက်ထပ် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင် မိုးလေဝသအေဂျင်စီက ပြောပါတယ်။ ဒါ့အပြင် မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဒီမုန်တိုင်းကြောင့် လူပေါင်း ၅ သိန်းကျော် အတိဒုက္ခရောက်ခဲ့ရပြီး လူ ၁၁,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ဂျပန်မှာ ထောင်နဲ့ချီတဲ့ လူတွေ လျှပ်စစ်မီး ပြတ်တောက်
ဂျပန်နိုင်ငံ၊ အိုကီနာဝါ စီရင်စုက ဆာကီရှီမာ (Sakishima) ကျွန်းစုကို တစ်နာရီကို ၁၄၄ ကီလိုမီတာ (မိုင် ၉၀) နှုန်းရှိတဲ့ လေပြင်းတွေနဲ့ ဒီမုန်တိုင်းက ဝင်ရောက်ရိုက်ခတ်ခဲ့ပါတယ်။
အိမ်ခြေ ၂၄,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေပြီး လေကြောင်းခရီးစဉ် ၃၄၅ ခုကို ဖျက်သိမ်းထားသလို ကူးတို့သင်္ဘော ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။
တိုင်ပေမှာ လေပြင်းတွေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဆက်တိုက်ဖြစ်ပေါ်
ထိုင်ဝမ်မှာတော့ ဒီတိုင်ဖွန်းမုန်တိုင်းကြောင့် “မြေပြိုနိုင်တဲ့ အန္တရာယ်ရှိတဲ့ဒေသက လူ ၁၀,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်ခြေ ၁၅၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်နေပါတယ်” လို့ ထိုင်ဝမ် ဒေသခံ သတင်းထောက် ရစ်ခ် ဂလော့ဝါ့တ်(Rik Glauert) က ပြောပါတယ်။
အာဏာပိုင်တွေက ပြည်တွင်းပြည်ပ လေကြောင်းခရီးစဉ် ၁,၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ပြီး ကျောင်းတွေနဲ့ ရုံးတွေကို နှစ်ရက်ကြာ ပိတ်ထားခဲ့ပါတယ်။
ထိုင်ဝမ် အာဏာပိုင်တွေဟာ ကျောင်းတွေနဲ့ ရုံးတွေကို နှစ်ရက်ကြာ ပိတ်ထားခဲ့ပါတယ်။
မုန်တိုင်းက အနောက်ဘက်ကို ရွေ့လျားသွားတဲ့အတွက် စူပါတိုင်ဖွန်းအဆင့်ကနေ လျှော့ချသတ်မှတ်လိုက်ပြီ ဖြစ်ပေမယ့် “တစ်နာရီ ကီလိုမီတာ ၁၀၀ ကျော် တိုက်ခတ်နေတဲ့ လေပြင်းတွေနဲ့ မိုးရေချိန် တစ်မီတာကျော်လောက်က မြို့တော် တိုင်ပေကို ဆက်တိုက်ဝင်မွှေနေဆဲဖြစ်ပြီး သစ်ပင်တွေနဲ့ ဓာတ်အားလိုင်းတွေ ပြိုကျတာ၊ မြစ်ရေလျှံတာတွေနဲ့ ဒေသအလိုက် ရေကြီးရေလျှံမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်” လို့ ဂလော့ဝါ့တ်က သတင်းပေးပို့ထားပါတယ်။
