ပဲခူး၊ စက်တင်ဘာ ၂၃
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ (23rd CHINA-ASEAN EXPO-2026) တွင် ပဲခူးတိုင်းဒေသကြီးက ဆုတံဆိပ် ၂ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် H.E Mr. Ding Xuexiang၊ မြန်မာနိုင်ငံမှ ဒုတိယသမ္မတ (၁) ဦးညိုစော၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အာဆီယံနိုင်ငံများမှ နိုင်ငံတော်အဆင့် အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ပြပွဲတွင် ပဲခူးတိုင်းဒေသကြီး၏ မြို့တော်ပဲခူးမြို့ကို “City of Charm” အစီအစဉ်ဖြင့် မိတ်ဆက်ပြသခဲ့ပြီး ပျူယဉ်ကျေးမှုအက၊ ကဗျာလွတ်အက၊ မြန်မာ့ရိုးရာသင်္ကြန်အကနှင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၏ စိုက်ပျိုးရေးထုတ်ကုန်များ တရုတ်နိုင်ငံနှင့် အာဆီယံဒေသတွင်းနိုင်ငံများတွင် ဈေးကွက်ပိုမိုရရှိစေရန်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ဆောင်ရွက်ခြင်းဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီးမှ ဒေသထွက်ကုန်ပစ္စည်းပြခန်း(၁၀)ခန်း၊ ကျန်တိုင်းဒေသကြီး/ပြည်နယ်များမှ (၇၁)ခန်း၊ စုစုပေါင်း(၈၁)ခန်း ခင်းကျင်းပြသ၍ ပြည်ပဈေးကွက်များရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယင်းကုန်စည်ပြပွဲ၌ ပဲခူးတိုင်းဒေသကြီးအနေဖြင့် “BEST Exhibition Organizer” ဆုနှင့် “BEST National Pavilion” ဆုတို့ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
