အင်ဂျင်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုကြောင့် အချိန်အနည်းငယ်ရပ်တန့်နေခဲ့သည့် ထိုင်းနိုင်ငံ၏ ရေငုပ်သင်္ဘောဝယ်ယူရေးစီမံချက်ကို ပြန်လည်စတင်ရန်အတွက် တရုတ်နိုင်ငံရှိ ကာကွယ်ရေးကန်ထရိုက်တာများနှင့် ပြန်လည်ပြင်ဆင်ထားသောသဘောတူညီချက်တစ်ရပ်ကို ထိုင်းဘုရင့်ရေတပ်က လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
သြဂုတ် ၅ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့က ထောက်ခံအတည်ပြုပေးခဲ့သော သဘောတူညီချက်အသစ်ကို အင်္ဂါနေ့က ပေကျင်းရှိ တရုတ်သင်္ဘောတည်ဆောက်ရေးနှင့် ကမ်းလွန် နိုင်ငံတကာကုမ္ပဏီ(CSOC) တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့က ထိုင်းရေတပ် ၏ တရားဝင်ဖေ့စ်ဘွတ်ခ်ပေ့ချ်တွင် တင်ခဲ့သောပို့စ်အရ သိရသည်။
ပြန်လည်ပြင်ဆင်ထားသော စာချုပ်အရ ရေတပ်ကမှာယူထားသော Yuan အတန်းအစား S26T ရေငုပ်သင်္ဘောများ၏ တည်ဆောက်ရေးအပိုင်းကို သိသာထင်ရှားသော ပြောင်းလဲမှုများဖြင့် ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အရေးအကြီးဆုံး ပြုပြင်မွမ်းမံမှုမှာ ၂၀၂၁ ခုနှစ်က ချမှတ်ထားသော ကန့်သတ်ချက်များကြောင့် တင်ပို့နိုင်ခြင်းမရှိသည့် ဂျာမန်လုပ် MTU396 ဒီဇယ်အင်ဂျင်ကို တရုတ်လုပ် CHD620 ဒီဇယ်အင်ဂျင်နှင့် အစားထိုးရေးဖြစ်သည်။
ပြန်လည်ပြင်ဆင်ထားသော စာချုပ်အရ မူလသတ်မှတ်ထားသော တည်ဆောက်မှုနောက်ဆုံးသတ်မှတ်ကာလကို မူလသတ်မှတ်ကာလမှ ရက်ပေါင်း ၁,၂၁၇ ရက် သို့မဟုတ် လပေါင်း ၄၀ ခန့် ရက်တိုးမြှင့်ခဲ့သည်။ လက်ရှိစာချုပ်အရ ပထမဆုံးသော ရေငုပ်သင်္ဘောကို ၂၀၂၈ ခုနှစ်အနှောင်းပိုင်းတွင် ပေးပို့ရန် စီစဉ်ထားသည်။
ရေငုပ်သင်္ဘောဝယ်ယူရေးစာချုပ်ကို မူလက ဘတ် ၁၃ ဒဿမ ၅ ဘီလျံဖြင့် ၂၀၁၇ ခုနှစ်တွင် အစိုးရအချင်းချင်းသဘောတူချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
Ref: ဘန်ကောက်ပို့စ်
