ဒေသအသီးသီးက လက်ဖက်ခြောက်မျိုးစုံကို လေ့လာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၀ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလက်ဖက်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတာဝန်ရှိသူများ၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာ ဌာနတာဝန်ရှိသူများ၊ ဦးစီးဌာနများ၊ သုတေသနနှင့် တက္ကသိုလ်၊ သိပ္ပံများမှ ပညာရှင်များ၊ ကမ္ဘော ဒီးယား၊လာအို၊မလေးရှား၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်၊ ကင်ညာနိုင်ငံနှင့် FAO တို့မှ ကိုယ်စားလှယ်များ၊ လက်ဖက်ပညာရှင်များနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုနောက် Liyuan international Conference Center ၌ ခင်းကျင်းပြသထားသည့် ဒေသအသီးသီးမှ လက်ဖက်ခြောက် မျိုးစုံပြခန်းများကို လှည့်လည်ကြည့်ရှုကြပြီးနန်နင်းမြို့မှ ကီလိုမီတာ ၁၀၀ ခန့် ကွာဝေးသည့် ဟန်ကျိုးမြို့တော် National Modern Agricultural Industrial Park ၌ တည်ရှိသော စံပယ်ပန်းရနံ့ လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်းခွင်နှင့် စံပယ်ပန်းစိုက်ခင်းများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
ထိုပြင် တရုတ်-အာဆီယံ သိပ္ပံဉာဏ်ရည်တုဆိုင်ရာ ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ခြင်း စင်တာသို့ သွားရောက်၍ စိုက်ပျိုးရေးအပါအဝင် ကဏ္ဍအသီးသီး၌ သိပ္ပံဉာဏ်ရည်တုကို အသုံးချနိုင်ရန် တီထွင်စမ်းသပ်မှုများ၊ တရုတ်နှင့် အာဆီယံဒေသများအကြား သတင်းအချက်အလက်များကို လုံခြုံစွာစီးဆင်းနိုင်စေရန် စီမံဆောင်ရွက်ထားရှိမှုများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။
