နိုတြီပဗ္ဗလစ်နှင့် တရားလွှတ်တော်ရှေ့ နေ၊ စာရေးဆရာ၊ ရုပ်ရှင်ဒါရို-က်တာ ဦးအောင်စိုး (ဦးအောင်စိုးဦး) သည် စက်တင်ဘာ ၈ ရက် ည ၇ နာရီ ၂၃ မိနစ်တွင် ကွယ်လွန်သွားကြောင်း ကျန်ရစ်သူမိသားစုဝင်များ၏ အသိပေးချက်အရ သိရသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်ကာ ဦးအောင်စိုး၏ ရုပ်ကလာပ်ကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရေဝေးသုသာန်၌ မီးသဂြိုလ်မည်ဖြစ်ကြောင်း ဆိုသည်။
ဆရာဦးအောင်စိုး၏ နောက်ဆုံးခရီးသို့ လိုက်ပါပို့ဆောင်နိုင်ရန် စက်တင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် အမှတ် ၃၃/၄၉၊ Shine Condo၊ မဟာဗန္ဓုလပန်းခြံလမ်းမှ ကားများ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
” လေးစားချစ်ခင်ရတဲ့ဆရာဦးအောင်စိုးဦးမြန်မာ့ရုပ်ရှင် ဂန္တဝင် ဇာတ်ကားကြီးဖြစ်တဲ့သင်္ကြန်မိုးရုပ်ရှင် ဇာတ်ကားကြီးရဲ့ဇာတ်ညွှန်းရေးဖွဲ့သူ၊ စာရေးဆရာ ရှေ့နေ ရုပ်ရှင်ဒါရို-က်တာကြီးဆရာဦးအောင်စိုးဦး သူချစ်တဲ့သူတွေနဲ့ အဝေးကို ထာဝရခွဲခွါသွားခဲ့ပါပြီကျနော်တတ်တဲ့အတတ် ပညာနဲ့ ဆရာကိုနှုတ်ဆက်ဂါရဝပြုလိုက်ပါတယ်ကောင်းမွန်ရာဘုံဘဝကနေဆရာပြုံးပြုံးကြီး ကြည့်နေနိုင်ပါစေ။”ဟု ဓာတ်ပုံပညာရှင် ဦးခင်မောင်ဝင်း(ရွှေအင်း သား )က ဆုမွန်ကောင်း တောင်းထားသည်။
ဆရာဦးအောင်စိုးသည် မြန်မာရုပ်ရှင်သမိုင်းတွင် လူကြိုက်များကျော်ကြားခဲ့သည် သင်္ကြန်မိုးရုပ်ရှင်ဇာတ်ကား၏ ဇာတ်ညွှန်းရေးသားသူအဖြစ်ပါဝင်ခဲ့သလို နော်ရင်မွှေး ရုပ်ရှင်ဇာတ်ကားကိုလည်း ဒါရို-က်တာအဖြစ် ဦးဆောင်ရိုက်ကူးပေးခဲ့သူဖြစ်ကြောင်း သိရသည်။
ဆရာဦးအောင်စိုးဦးသည် မြန်မာမီဒီယာရှေ့နေများကွန်ရက်ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။
photo: U Aung Soe fb
