တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၈)သူရတပ်ခွဲ၏ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအား ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းက ဗထူးမြို့၊တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေးခန်းမဆောင်၌ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သင်တန်းဆင်းအရာရှိများအား တစ်ဦးချင်းနှုတ်ဆက်ပြီးနောက် သင်တန်းဆင်းအရာရှိများ၊ ညစာစားပွဲ တက်ရောက်လာသူများနှင့်အတူ ဂုဏ်ပြုညစာသုံးဆောင်ခဲ့သည်။
ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)စစ်တီးဝိုင်းအဖွဲ့၏ ဂုဏ်ပြုတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး ချီးမြှင့်ငွေများပေးအပ်၍ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့၏ တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးခဲ့သည်။
