ဆေးဖိုးပြန်အမ်းငွေ ကျပ်သန်း (၈) ထောင်နီးပါး ပြန်လည်ပေးအပ်နိုင်ခဲ့
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၄၆၆၈၅ ဦးကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးပြန်အမ်း အမှုတွဲ ၇၇၈၀၇ မှုအတွက် ကျပ် ၇၉၇၄ ဒသမ ၃၉၆ သန်းကို ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၃ ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသော အာမခံအလုပ်သမားများကို ကြည့်ရှုအားပေးခဲ့ကြောင်း လည်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသဝန်ဆောင်မှုကိုပေးအပ်နိုင်ရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားခဲ့ကြောင်း သိရသည်။
