နေပြည်တော်၊ ဇူလိုင်-၁၉
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၉/၂၀၂၆) အရ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နိုင်ငံအနှံ့ ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း သိရသည်။
အဆိုပါကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တို-က်ခတ်နိုင်ကြောင်း သိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကိုလည်းကောင်း ကြိုတင်သတိပြုကြရန် နှိုးဆော်ထားသည်။
ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို အထူးဂရုပြု၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် အသိပေးထားသည်။
