မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်တောင်ပေါ်ရှိ ဗုဒ္ဓဆံတော်ကိန်းဝပ်တည်ရှိရာ ဇင်းကျိုက်ဆံတော်ရှင်စေတီတော်ကြီးအား ယမန်နေ့ မွန်းလွဲ (၁)နာရီဝန်း ကျင်ခန့်က မိုးကြိုး (၆)ချက်ခခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦး ထံကသိရသည်။
အဆိုပါ မိုးကြိုးခမှုသည် စေတီတော်မြတ်ကြီး၏ အရှေ့တောင်ထောင့်၊ အင်္ဂါထောင့် ပစ္စယာခုံသို့ ထိမှန်ခဲ့ကာ အုတ်သားများ ဖွာထွက်ကုန်ကြောင်း သိရသည်။
” မိုးလည်းမရွာ၊ နေကလည်းသာခိုက် မိုးချုန်းသံနှင့် အတူဝရဇိန် (၆) ချက် ပစ်ခွင်းချက်သည် ဇင်းကျိုက်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ အရှေ့တောင်ထောင့်၊ အင်္ဂါထောင့် ပစ္စယာခုံသို့ ထိမှန်ခဲ့၏ အုတ်သားများဖွာလှန်ထွက်ကုန်၏၊ ထိုနေရာသည် မကြာခဏ ပစ်ချက်နေရာဟောင်းဖြစ်၏ ပစ်ချက်သံလည်းဆုံး မိုးသားများလည်းပြိုကျတော့၏” ဟု အဆိုပါ ဒေသခံက ၎င်း၏ လူမှုကွန်ရက်စာမျက် နှာမှတဆင့် ဓာတ်ပုံနှင့်တကွ ရေးသားမျှဝေထားသည်။
ဇင်းကျိုက်ဆံတော်ရှင် စေတီမိုးကြိုးခမှုနှင့် ပတ်သက်၍ လက်ရှိအခြေအနေကို သိရှိနိုင်ရန် ပေါ်ပြူလာနယူးစ်က ဆက်သွယ်စုံစမ်းလျက်ရှိသည်။
