အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်လာတဲ့ စွမ်းအင်အကျပ်အတည်းဟာ ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်အပေါ် လက်ရှိမှာ သက်ရောက်မှု မရှိသေးကြောင်း FAO စီးပွားရေးပညာရှင် မော်နီကာ တော့ဟိုဗာ(Monica Tothova)က ပြောကြားပါတယ်။ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍမှာ ဈေးကွက်ကို ထိန်းညှိပေးနိုင်မယ့် အရန်ရိက္ခာတွေ ရှိနေတာကြောင့်လို့ ဆိုပါတယ်။
“စွမ်းအင်ဈေးနှုန်းတွေ၊ မြေဩဇာစရိတ်တွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲတွေအပေါ် စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ကမ္ဘာ့စားနပ်ရိက္ခာ ကုန်စည်ဈေးကွက်ဟာ ယေဘုယျအားဖြင့် ရိက္ခာထောက်ပံ့မှု ကောင်းမွန်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ သီးနှံစိုက်ပျိုးဖြစ်ထွန်းမှု အခြေအနေ ကောင်းမွန်တာ၊ ကုန်စည်အမျိုးအစား တော်တော်များများမှာ အရန်ရိက္ခာ အလုံအလောက် ရှိနေတာနဲ့ အဓိကထုတ်လုပ်တဲ့နိုင်ငံတွေဆီကနေ တင်ပို့နိုင်မယ့် စားနပ်ရိက္ခာပမာဏ အများအပြား ရှိနေတာကြောင့် ဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။
“နောက်ထပ် အရေးကြီးတဲ့အချက်က စွမ်းအင်ဈေးနှုန်း ရိုက်ခတ်မှုတွေဟာ စားနပ်ရိက္ခာဈေးနှုန်းတွေကို ချက်ချင်း ထိုးတက်သွားစေတာမျိုး မဟုတ်ပါဘူး။ လောင်စာဆီနဲ့ မြေဩဇာစရိတ်တွေ မြင့်တက်လာရင် ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်ရေး အသုံးစရိတ်တွေ တက်လာမှာ သေချာပေမဲ့ အဲဒီသက်ရောက်မှုကို တခြားအချက်တွေက ပြန်ပြီး ထိန်းညှိပေးလေ့ရှိပါတယ်။ ဥပမာ သာယာတဲ့ရာသီဥတု၊ ရာသီပေါ်သီးနှံ အထွက်နှုန်းကောင်းတာ၊ ငွေလဲလှယ်နှုန်း အပြောင်းအလဲတွေ၊ အရင်ကတည်းက ဝယ်ယူစုဆောင်းထားတဲ့ သွင်းအားစု အရန်ပစ္စည်းတွေ၊ အစိုးရရဲ့ မူဝါဒတွေနဲ့ ပြည်ပပို့ကုန်သမားအချင်းချင်း ပြိုင်ဆိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် စွမ်းအင်ဈေးနှုန်း ကြီးမြင့်တာနဲ့ စိုက်ပျိုးရေးထုတ်ကုန်ဈေးနှုန်း တက်တာဟာ ချက်ချင်းလက်ငင်း ဆက်စပ်နေတာမျိုး မဟုတ်သလို တစ်ပြိုင်နက်တည်း ဖြစ်လာတာမျိုးလည်း မဟုတ်ပါဘူး” လို့ FAO ရဲ့ စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း နောက်ဆုံးအချက်အလက်တွေအပေါ် အခြေခံပြီး စီးပွားရေးပညာရှင်က မှတ်ချက်ပေးပါတယ်။
အဲဒီညွှန်းကိန်းဟာ ၂၀၂၆ ခုနှစ် ဇွန်လမှာ တစ်လတာအတွင်း ၀.၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၁၃၀.၃ မှတ်မှာ ရှိနေပါတယ်။ လက်ရှိ FAO ရဲ့ တိုင်းတာချက်အရ နှစ်အလိုက်တွက်ရင်တော့ ကိန်းဂဏန်းက ၂.၂ ရာခိုင်နှုန်း ပိုမြင့်နေတာ ဖြစ်ပါတယ်။
“အချိန်ကာလကလည်း အရေးကြီးပါတယ်။ စွမ်းအင်နဲ့ မြေဩဇာဈေးနှုန်းတွေ မြင့်တက်လာလို့ ဖြစ်လာမယ့် အဓိကစွန့်စားရမှုက ချက်ချင်းလက်ငင်းဖြစ်လာတာထက် အနာဂတ်မှာ ဖြစ်လာဖို့ ပိုများပါတယ်။ တောင်သူတွေဟာ သွင်းအားစုတွေကို ကြိုတင်ပြီး ဝယ်ယူလေ့ရှိကြသလို၊ သီးနှံစိုက်ပျိုးဖို့ ဆုံးဖြတ်ချက်တွေကိုလည်း ရိတ်သိမ်းချိန်မတိုင်ခင် လအတော်ကြာကတည်းက ချမှတ်ထားကြတာပါ။ သွင်းအားစုစရိတ်တွေ တောက်လျှောက်ကြီးမြင့်နေရင်တော့ နောက်ပိုင်းမှာ မြေဩဇာသုံးစွဲမှု၊ စိုက်ပျိုးမယ့် ဆုံးဖြတ်ချက်တွေနဲ့ သီးနှံအထွက်နှုန်းတွေကို ထိခိုက်လာနိုင်ပါတယ်၊ ဒါပေမဲ့ ဒီသက်ရောက်မှုတွေက အချိန်တစ်ခု ကြာပြီးမှ ထွက်ပေါ်လာတတ်တာပါ။ ဒါကြောင့် အခုလက်ရှိအခြေအနေကို စားနပ်ရိက္ခာ ပြတ်လပ်မှုအစစ်အမှန်လို့ ပြောလို့မရသေးဘဲ အနာဂတ်ရိက္ခာထောက်ပံ့မှုအတွက် စွန့်စားရနိုင်ခြေရှိတဲ့ အခြေအနေလို့ပဲ သတ်မှတ်တာ ပိုမှန်ပါလိမ့်မယ်” လို့ မော်နီကာက ထောက်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတကာ ကုန်စည်ဈေးကွက်က စားနပ်ရိက္ခာအကြမ်းထည်ဈေးနှုန်းတွေနဲ့ စားသုံးသူတွေဆီ တိုက်ရိုက်ရောက်တဲ့ လက်လီဈေးနှုန်းတွေကို ခွဲခြားသိမြင်ဖို့လည်း အရေးကြီးတယ်လို့ FAO စီးပွားရေးပညာရှင်က ပြောပါတယ်။ “စားသုံးသူတွေ ပေးရတဲ့ဈေးနှုန်းထဲမှာ ကုန်ကြမ်းကို အချောကိုင်တာ၊ ထုပ်ပိုးတာ၊ သယ်ယူပို့ဆောင်တာ၊ လုပ်အားခ၊ အရောင်းမြှင့်တင်တာ၊ ဖြန့်ဖြူးတာ၊ အခွန်အခတွေနဲ့ လက်လီအမြတ်အစွန်းတွေအပါအဝင် တခြားကုန်ကျစရိတ်တွေ အများကြီး ပါဝင်နေပါတယ်။ စားသောက်ကုန် တော်တော်များများမှာ စိုက်ပျိုးရေးကုန်ကြမ်းရဲ့ တန်ဖိုးဟာ နောက်ဆုံးလက်လီဈေးနှုန်းရဲ့ အစိတ်အပိုင်း အနည်းငယ်ပဲ ရှိတာပါ။ ဒါကြောင့် စွမ်းအင် ဒါမှမဟုတ် ကုန်စည်ဈေးကွက်မှာ သိသိသာသာ အပြောင်းအလဲဖြစ်ရင်တောင် စားသုံးသူတွေရဲ့ စားနပ်ရိက္ခာဈေးနှုန်းအပေါ် သက်ရောက်မှုက တစ်စိတ်တစ်ပိုင်းပဲ ရှိတတ်ပြီး အချိန်နှောင့်နှေးပြီးမှသာ ရိုက်ခတ်လေ့ရှိပါတယ်” လို့လဲ သူမက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
