စုစည်းညီညွတ်မှုရှိသည့်တိုင်းပြည်တစ်ခုဖြစ်စေရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ဂါရဝပြုပြီးနောက် မီဒီယာများအား အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် အာဇာနည်ခေါင်းဆောင်ကြီးများအပါအဝင် နိုင်ငံ့ခေါင်းဆောင်ကြီးများသည် နိုင်ငံကိုမည်သို့မျှော်မှန်းပြီး နိုင်ငံတော်တည် ဆောက်ခဲ့ကြသလဲ၊ စည်းလုံးညီညွတ်သည့်တိုင်းပြည်တစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ခဲ့ကြသလဲဆိုသည်ကို မိမိတို့အနေဖြင့် အမြဲတမ်းလေ့လာပြီးတန်ဖိုးထားရန်လိုသည်ဟု ပြောကြားသည်။
“စုစည်းညီညွတ်တဲ့တိုင်းပြည်တစ်ခုဖြစ်ဖို့အတွက် အားလုံးကညီညွတ်ဖို့လိုတယ်။ ညီညွတ်ရုံနဲ့မရသေးဘူး။ တိုင်းပြည်အတွက်အလုပ်လုပ်ဖို့လိုတယ်။ စည်းကမ်းရှိဖို့လည်းလိုတယ်။ တိုင်းပြည်မှာစည်းကမ်းအရတော့ လိုအပ်ချက်ရှိနေတာအမှန်ပါဘဲ”ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် စည်းကမ်းတကျ၊ ညီညီညွတ်ညွတ်နှင့်အလုပ်လုပ်ပါက စွမ်းအားရှိသမျှအလုပ်လုပ်ပါက တိုင်းပြည်မတိုးတက်စရာအကြောင်းမရှိဘဲ ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သည့်နိုင်ငံ ဘယ်လိုနည်းနှင့်မျှမဖြစ်စရာမကြောင်းမရှိဘဲ မြန်မာနိုင်ငံသားအားလုံးခွန်အားရှိကြကာ ကိုယ့်ခွန်အားကိုအသုံးချနိုင်ရန်သာလိုသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
