Home International စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

စိန့်မေရီ ရေခဲပြင်ကြီး လုံးဝ အရည်ပျော်သွားပြီ

0
131

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာရှိတဲ့ စိန့်မေရီရေခဲပြင်ကြီးဟာ ကမ္ဘာ့သမိုင်းမှတ်တမ်း၊မှာ ပထမဆုံးအကြိမ်အဖြစ် လုံးဝကို အရည်ပျော်သွားခဲ့ပါပြီ။

​ပညာရှင်တွေကတော့ ဒါဟာ အရှိန်အဟုန်နဲ့ ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ သမိုင်းဝင် မှတ်တိုင်တစ်ခုပဲလို့ ဆိုနေကြပါတယ်။

​ဒင်ဗာ(Denver) မြို့အနားမှာရှိတဲ့ စိန့်မေရီ ရေခဲပြင်လို့ လူသိများတဲ့ ဒီအမြဲတမ်းရေခဲပြင်ကြီးဟာ နွေရာသီရဲ့ အပူပြင်းဆုံးအချိန်မှာတောင် နှင်းတွေတွေ့နိုင်တဲ့ တစ်နှစ်ပတ်လုံးအတွက် ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုအေစစ်တစ်ခုလို ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဆောင်းရာသီမှာ နှင်းကျတာ အားနည်းလာသလို နွေရာသီမှာလည်း စံချိန်တင်ပူပြင်းခဲ့လာတာကြောင့် ပေ ၁၁၀၀၀ အမြင့်ရှိတဲ့ ဒီအထင်ကရနေရာကြီးဟာ ခုဆိုရင် လုံးဝပျောက်ကွယ်သွားခဲ့ပါပြီ။

​၂၀၂၆ ခုနှစ်၊ စက်တင်ဘာလလယ်ပိုင်းအရောက်မှာတော့ နောက်ဆုံးကျန်နေတဲ့ စကီး(ski) စီးလို့ရတဲ့ရေခဲပြင်လေးတွေပါ လုံးဝအရည်ပျော်သွားခဲ့ပြီး၊ စကီးစီးသူတွေလုပ်ထားတဲ့ လက်ရန်းအပျက်အစီးလေးတွေပဲ ခြောက်သွေ့နေတဲ့ ကျောက်တုံးတွေနဲ့ ဖုန်တောထဲမှာကျန်ရစ်ခဲ့ပါတော့တယ်။

​ကော်လိုရာဒိုမှာ အလျင်အမြန် မြင့်တက်လာနေတဲ့ အပူချိန်နဲ့ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ မိုးခေါင်ရေရှားမှုတွေဟာ အမြင့်ပိုင်းဒေသက ရေခဲတွေ အရည်ပျော်ပျက်စီးမှုကို ပိုပြီးမြန်ဆန်စေတယ်လို့ ရာသီဥတုပညာရှင်တွေက သတိပေးထားပါတယ်။

အခုလို ပူနွေးလာတဲ့ အခြေအနေတွေသာ ဆက်ဖြစ်နေမယ်ဆိုရင် ၂၀၈၀ ပြည့်နှစ်အရောက်မှာ ပြည်နယ်အတွင်းက ရေခဲမြစ်တွေနဲ့ အမြဲတမ်းရေခဲပြင်တွေအားလုံး ပျောက်ကွယ်သွားနိုင်ပြီး၊ နွေနှောင်းပိုင်းအတွက် အရေးကြီးတဲ့ ရေပေးဝေမှုတွေ၊ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ အမေရိကန်အနောက်ပိုင်းကို ကိုယ်စားပြုတဲ့ ထိခိုက်လွယ်တဲ့ တောင်ပေါ်ဂေဟစနစ်တွေကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

​နည်းပညာအရကြည့်ရင် သူ့ကို ရွေ့လျားနေတဲ့ ရေခဲမြစ်လို့မခေါ်ဘဲ အမြဲတမ်းရေခဲပြင်လို့ သတ်မှတ်ထားပေမဲ့၊ အခုလို စိန့်မေရီရေခဲပြင်ကြီး လုံးဝပျောက်ကွယ်သွားတာဟာ ဒေသတစ်ခုလုံးရဲ့ ကျယ်ပြန့်တဲ့ ဂေဟစနစ်အတွက်တော့ စိုးရိမ်စရာ သတိပေးချက်တစ်ခုပါပဲ။

Ref – Ingraham, J. (2026). St. Mary’s Glacier Is No More: RIP to Denver’s Summertime Snow Retreat. GearJunkie.