ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီ အထောက်အပံ့ဖြင့် တည်ဆောက်လျက်ရှိသည့်စာဆိုဗိမာန်အဆောက်အအုံတွင်ထားရှိမည့် “Logo အမှတ်တံဆိပ်” များအတွက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် စာပေဗိမာန်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှ ဖိတ်ခေါ်ထားသည်။
အဆိုပါ ဗိမာန်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဥယျာဉ်ရပ်ကွက် မြေတိုင်းရပ်ကွက် ၁၈-A၊ မြေကွက်အမှတ် (၂၉ ၏တစ်စိတ်တစ်ဒေသ)ရှိ မြေဧရိယာ (၂.၁ ၈)ဧကပေါ်တွင် စာဆိုဗိမာန် သုံးထပ်(RC) အဆောက်အအုံအား တည်ဆောက်နေခြင်းဖြစ်သည်။
အဆိုပါ အဆောက်အအုံတွင် အထိမ်းအမှတ် Logo တံဆိပ်တပ်ဆင်နိုင်ရန်အတွက် လိုအပ်မည့်အမှတ်တံဆိပ်အား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။
ထို့ကြောင့် ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် စာဆိုဗိမာန်အမည်နာမနှင့် လိုက်ဖက်မှုရှိရန်၊ စာဆိုတော်ကြီးများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ရည်ညွှန်းနိုင်သည့် အချက်လက်များပါရှိစေရန်၊ ခေတ်အဆက်ဆက် မြန်မာစာပေသမိုင်းတွင် ထင်ရှားကျော်ကြားခဲ့ကြသည့် စာဆိုတော်ကြီးများ ဖန်တီးရေးဖွဲ့ခဲ့ကြသော စာပေလက်ရာများနှင့် နှီးနွှယ်မူပါရှိစေရန်နှင့် စာပေနှင့်ပတ်သက်သည့် ရှေးအခေါ်အဝေါ်များပါရှိရန်စသည့် အချက်အလက်များကို ထည့်သွင်းစဉ်းစားရေးဆွဲပေးရမည်ဖြစ်သည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအတွက် စည်းကမ်းသတ်မှတ်ချက်များမှာ Logo ဒီဇိုင်းရေးဆွဲရာတွင် File Format အား Al (သို့မဟုတ်).eps အဖြစ် ဒီဇိုင်းရေးဆွဲပေးရမည်ဖြစ်ပြီး ဆုရ Logo တံဆိပ်အား မူပိုင်ခွင့်နှင့် ပတ်သက်၍ စာဆိုဗိမာန်က ပိုင်ဆိုင်မည်ဖြစ်ကြောင်း၊ ကိုယ်တိုင်ရေးဆွဲထားကြောင်း ဝန်ခံကတိလက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ဆုအဖြစ် ရွေးချယ်ခံရသည့် Logo တံဆိပ်ရေးဆွဲသူအား ပထမဆု ငွေကျပ် သိန်း(၂၀)၊ ဒုတိယဆု ငွေကျပ် (၁၀)သိန်း၊ တတိယဆု ငွေကျပ် (၅)သိန်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
